သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗွီအိုအေသတင်းထောက် ရခိုင်ပြည်နယ် မြောက်ပိုင်းအတွေ့အကြုံ


ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ သတင်းမီဒီယာတွေအပေါ် သံသယအမြင်တွေ အပါအ၀င် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဒေသခံတချို့ရဲ့ အမြင်သဘောထားတွေနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာအာဏာပိုင်တွေရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း ကိုယ်တိုင်သွားရောက် သတင်းယူနေပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ အင်းဒင်ကျေးရွာ အပါအ၀င် မောင်းတောမြို့နယ်မှာ ရောက်နေတဲ့ ကိုကျော်ကျော်သိန်းကို မသိဂီ င်္ထိုက်က မေးမြန်းရာမှာတော့ ဒီကနေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို အခုလို စရှင်းပြပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့။ ကျနော်တို့ ပထမဦးဆုံး မောင်တောမြို့နယ်က အင်းဒင်ကျေးရွာကို ရောက်ပါတယ်။ အင်းဒင်ကျေးရွာက အများစုသိတဲ့အတိုင်း ရခိုင်အမျိုးသား ဦးမောင်နီ အသတ်ခံရတယ်။ အဲဒီနောက်ဆက်တွဲ မွတ်ဆလင် ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံရွာသားစတွေက သတ်ဖြတ်ခဲ့ပြီး မြေမြုပ်ခဲ့လို့ နိုင်ငံတကာမီဒီယာတွေမှာ မကြာခဏ ပါလေ့ရှိတဲ့ ရွာပါ။ အဲဒီရွာကိုရောက်ပါတယ်။ နောက်ပြီးကျနော်တို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ခရိုင်အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို ရှင်းပြပါတယ်။ ပြီးတော့ မေးမြန်းခွင့်ပေးပါတယ်။ နောက်တခုကတော့ ဒုက္ခသည်တွေ ပြန်လာရင် ပြန်လည်လက်ခံရေးစခန်း ၂ ခုကနေ လွဲပြောင်းတဲ့ ဒုက္ခသည်တွေကို လက်ခံပြီးတော့ထားမယ့် တလတန်သည်၊ နှစ်လတန်သည်ထားမယ့် လှဖိုးခေါင်ကြားစခန်းပေါ့ ရောက်ခဲ့ပါတယ်။ အဲဒီ ၃ နေရာပါ။

သတင်းမီဒီယာများ အင်းဒင်ကျေးရွာရောက်စဉ် (MOI)
သတင်းမီဒီယာများ အင်းဒင်ကျေးရွာရောက်စဉ် (MOI)

မသိဂီ င်္ထိုက်။ ။ အင်းဒင်ကိစ္စဆိုရင် Reuters သတင်းထောက် ၂ ယောက်အဖမ်းခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ဖမ်းပြီးတော့ ထောင်ချခံခဲ့ရတယ်ဆိုတော့။ နောက်တခါ အစုလိုက်အပြုံလိုက်ပေါ့နော်။ အာဏာပိုင်တွေ ဒေသခံတွေရဲ့လက်ချက်နဲ့ အစုလိုက်အပြုံလိုက် မွတ်ဆလင် ၁၀ ဦး သေဆုံးခဲ့ရတယ်ဆိုတော့ ဒီအင်းဒင်ရွာမှာ ထူးထူးခြားခြား ဘာတွေတွေ့ပါသလဲ၊ ဘာတွေ သတိထားမိပါသလဲ ကိုကျော်ကျော်သိန်း။

ကိုကျော်ကျော်သိန်း။ ။ အင်းဒင်ရွာနဲ့ ပတ်သက်ရင် ပြောစရာရှိတာက ကျနော်တို့ကို လိုက်လံရှင်းပြ၊ လိုက်ပြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီရွာကို ပြန်ရောက်တာက အဲဒီ အင်းဒင်အဖြစ်အပျက် ဖြစ်ပြီးမှ ပြန်ရောက်တာလို့ပြောပါတယ်။ အဲဒီဖြစ်တုန်းက သူမရှိဘူး။ အဲဒါကြောင့် သူဘာမှ တိတိကျကျ မပြောနိုင်ဘူးလို့ သူပြောပါတယ်။ အဲဒီတော့ ကျနော်တို့က ကျန်တဲ့ ရွာသားတွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးမြန်းဖို့က ဘယ်နေရာမှာဖြစ်တာလဲ၊ ဘယ်လိုအခြေအနေရှိသလဲ၊ အဲဒီအဖြစ်အပျက် ဖြစ်ပြီး ရွာအခြေအနေက ဘယ်လိုလဲ စသဖြင့် မေးဖို့ ချည်းကပ်တဲ့အခါတိုင်းမှာ ကျနော်တို့ ချည်းကပ်သမျှ တချို့ရွာသားတွေဆိုရင် ကျနော်တို့ကို စကားတောင်မှ မပြောတဲ့ချင်တဲ့အခြေအနေရှိပါတယ်။ တချို့ဆိုရင်လည်း ကျနော်တို့က မရှိဘူး၊ ကျမတို့က မရှိဘူး၊မသိဘူး အဲဒီအချိန်တုန်းက မွတ်ဆလင်တွေကနေ ရွာကို ညာသံပေးပြီး၊ အော်ဟစ်ပြီးတော့ ၀ိုင်းတာတောင် အားလုံးက ဘုန်းကြီးကျောင်းထဲမှာ သွားပုန်းနေကြရတယ်။ အဲဒီအဖြစ်အပျက်ဖြစ်တာတောင် သူတို့ မသိလိုက်ဘူးဆိုပြီးတော့ ပြောကြပါတယ်။ ကျနော်တို့ကိုယ်တိုင် တွေ့မြင်ရတာဆိုရင် ဒီရွာက ရွာသားတွေ ဒါကတော့ ကျနော်တို့လည်း တရွာလုံးကို တွေ့ရတာမဟုတ်ဘူး။

လှဖိုးခေါင်ကြားစခန်း
လှဖိုးခေါင်ကြားစခန်း

ကျနော်တို့ တွေ့ရသမျှ ရွာသားတွေ က သတင်းမီဒီယာတွေအပေါ်မှာ သူတို့အမြင်က မကောင်းတဲ့ဘက်ကို ယိမ်းနေတဲ့အမြင် ခံစားသိရှိရပါတယ်။ သတင်းမီဒီယာသမားတွေ လာတယ်၊ မေးတယ်မြန်းတယ်၊ ပြီးရင် မွတ်ဆလင်တွေဘက်ကပဲ ရေးကြပြောကြတယ်။ သူတို့ ဒေသခံတွေ ခံရတဲ့ကိစ္စ၊ ဥပမာ ဟိန္ဒူတွေ အသတ်ခံရတဲ့ ကိစ္စ အဲဒါတွေ ထည့်ပြောတာရှိတယ်။ အဲဒီကိစ္စမျိုးတွေဆိုရင် လာတဲ့ သတင်းမီဒီယာသမားတွေက အဲဒီအဖြစ်အပျက်ဖြစ်တယ်ဆိုတာကို သိတောင်မသိဘူးဆိုတဲ့ သဘောထား အမြင်မျိုးပြောကြပါတယ်။ အဲဒါကြောင့် ဒီရွာက ရွာသားတွေအနေနဲ့က သတင်းမီဒီယာသမားတွေကို မဖြေချင်ဘူး၊ မပြောချင်ဘူးဆိုတဲ့ လေသံတွေ ကြားရပါတယ်။ အချုပ် ပြောရရင်တော့ အဲဒီနေရာက ကျနော်တို့ မြင်ရသလောက် ပုံမှန်အတိုင်းနေထိုင်လုပ်ကိုင်စားသောက်နေပါတယ်။ ဒါပေမယ့် သတင်းမီဒီယာသမားတွေအပေါ်မှာ အဆိုးမြင်တဲ့ သဘောထားအမြင်ကြားခဲ့ရပါတယ်။ အဲဒီအခါကတော့ အင်းဒင်ကျေးရွာ ပတ်ပတ်လည်မှာ မွတ်ဆလင်ရွာတွေ မရှိတော့ပါဘူး။ အဲဒါကြောင့် အုပ်ချုပ်ရေးမှူးပြောတာက ဒီလို မွတ်ဆလင်ရွာတွေ မရှိတော့တဲ့အတွက် သူတို့အနေနဲ့ လုံခြုံမယ်၊ လုံခြုံတယ်လို့ ခံစားရတယ်။ မွတ်ဆလင်တွေသာ ပြန်ရောက်လာရင် သူတို့အတွက် လုံခြုံမှုရှိမှာမဟုတ်ဘူး လို့ ပြောတာကို ကြားခဲ့ရပါတယ်။

မသိဂီ င်္ထိုက်။ ။ အုပ်ချုပ်ရေးမှူးဘက်ကရော တခြားသူတို့ ရပ်ရွာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေပြောပါသလဲ။ ထူးထူးခြားခြား။

ကိုကျော်ကျော်သိန်း။ ။ အုပ်ချုပ်ရေးမှူးကတော့ ဒုက္ခသည်တွေ ပြန်လာတဲ့အခါမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အားလုံးအဆင်သင့်ပြင်ထားပြီးသား။ လုံခြုံရေးပိုင်းဆိုရင်လည်း ဟိုတုန်းကထက် ထပ်ပြီးတော့ ချထားတယ်။ အရေအတွက်ကတော့ လုံခြုံရေးအရပြောလို့တော့မရဘူးပေါ့လေ ။ သူတို့အနေနဲ့ အခိုင်အမာပါပဲ အားလုံး ပြည့်စုံအောင် ပြင်ဆင်ထားပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။ ဆိုရင် အခုအချိန်အထိ ဘာကြောင့်ဝင်မလာသေးလဲလို့ မေးတဲ့အခါမှာ သူက ၂ နိုင်ငံ သဘောတူချက်၊ ညှိနှိုင်းထားချက်အရ ပြန်ပို့တာမရှိပေမယ့် သူတို့ဟာသူတို့သီးခြားပြန်လာသူတွေရှိတယ်လို့ ပြောပါတယ်။ အရေအတွက်အနည်းငယ်ပေါ့လေ။ အဲဒီတော့ ပြန်မလာတာ ဘာကြောင့်လဲဆိုတော့ သူ့ကိုယ်ပိုင်သဘောထားအမြင်ကတော့ ARSA အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့်လို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုတာတွေရှိပါတယ်။

တခါမောင်တောမြို့ရဲ့အခြေအနေကတော့ ပြီးခဲ့တဲ့ နောက်ဆုံးဖြစ်သွားတဲ့ အကြမ်းဖက်ဖြစ်စဉ်မတိုင်ခင် မောင်တောမှာ လူဦးရေ ၈ သိန်းလောက်ရှိတယ်၊ အဲဒီထဲမှာ ဒေသခံတိုင်းရင်းသားက ၇ သောင်းကျော်ရှိတယ်။ အခုဆိုရင် လူဦးရေစုစုပေါင်း သူပြောတာက ၃ သိန်းကျော်ပေါ့လေ။ အဲဒါပဲရှိတော့တယ်။ တိုင်းရင်းသား အရေအတွက်ကတော့ ဒီလောက်ပဲပေါ့လေ ဘူးသီးတောင်၊ မောင်တောခရိုင်ပေါ့လေ သူကိုင်ရတဲ့နေရာဆိုတော့ အဲလို လူဦးရေနဲ့ ပတ်သက်ပြီးတော့ သိရပါတယ်။ ကျန်တဲ့အခြေအနေကတော့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ မြို့ပေါ်လူဦးရေ သဘောထားပေါ့လေ။ စိုးရိမ်စိတ်ရှိတယ်၊ သူတို့ စိုးရိမ်စိတ်တွေကိုလည်း သူတို့သိတယ်။ အဲဒီ စိုးရိမ်စိတ်တွေပျောက်သွားအောင်လည်း အတတ်နိုင်ဆုံးကြိုးစားနေတယ်။

မောင်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင် နှင့် သတင်းမီဒီယာများတွေ့ဆုံစဉ် (MOI)
မောင်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင် နှင့် သတင်းမီဒီယာများတွေ့ဆုံစဉ် (MOI)

ဒါပေမယ့် အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်းကတော့ ၂ ဖက်အသိုင်းအ၀ိုင်းအတွက် ပြန်လည်သင့်မြတ်ရေး၊ သက်သောင့်သက်သာရှိရေး စသည်အားဖြင့် လုပ်နေတဲ့အပိုင်းတွေတော့မရှိသေးပါဘူး။ ဒါကတော့ သူကိုယ်တိုင်ပြောတာပါ။ အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်းအနေနဲ့ လုပ်နေတာတွေမရှိဘူး။ တကယ်တမ်းလုပ်နေတာကတော့ နိုင်ငံတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လုပ်တာကို ခွင့်ပြုထားတယ်၊ ဆွေးနွေးခန်းတွေ ဒေသခံတွေနဲ့ လုပ်နေတာ ၊ ပြီးတော့ ဒေသခံတွေ တွေ့ဆုံဆွေးနွေးပွဲလုပ်တာတွေကို ရှင်းပြပါတယ်။

သိဂီ င်္ထိုက် ။ ။ ဘင်္ဂလားဒေရှ့်ဘက်က ဒုက္ခသည်တွေကို ယာယီ လက်ခံထားရှိမယ့် လှဖိုးခေါင် ကြားစခန်းကိုလည်း ရောက်ခဲ့ပါတယ်။ ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတာမှာ ကုလသမဂ္ဂ အပါအ၀င် အထူးသဖြင့် ကုလသမဂ္ဂ ဘက်က ဒုက္ခသည်တွေ ဌာနေပြန်ဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုပြီး တစိုက်မတ်မတ် ပြောနေတာပါ။ အခုလည်း ပြောနေဆဲပါ။ ဆိုတော့ ဒီ ကြားစခန်း အခြေအနေလေး ပြောပြပေးပါဦးရှင့်။

ကျော်ကျော်သိန်း ။ ။ အခု နောက်ဆုံးကတော့ တရုတ်နိုင်ငံက လှူဒါန်းထားတဲ့ သူတို့ကတော့ Container House လို့ ခေါ်တယ်ပေါ့လေ။ ကုန်သေတ္တာတွေကို အိမ်ခန်းလို ဖွဲ့ထားတဲ့ ကွန်တိန်နာ အိမ်ခန်းတွေလို့ ပြောကြပါစို့။ အဲဒါတွေ ကျနော်တို့ တွေ့ခဲ့ပါတယ်။ လောလောဆယ် အလုံး ၉၀ ပြီးသွားပါပြီ။ နောက်ထပ် အလုံး ၁ ထောင် ရောက်နေပါတယ်။ ထပ်လည်း ရောက်ဖို့ ရှိပါတယ်။ အခု ကျနော်တို့ အထုပ်အပိုးတွေနဲ့ မဆင်ရသေးတဲ့ အဲဒီ ကွန်တိန်နာ အိမ်ခန်း ၁ ထောင် တွေ့ခဲ့ပါတယ်။ စုစုပေါင်း ၁,၀၉၀ တရုတ်နိုင်ငံက လှုဒါန်းထားပါတယ်။ အဲဒီ နေရာတွေကို သူတို့ကို ထားပါမယ်။

နောက်တခါ အဲဒီထဲမှာဘဲ ကျနော်တို့ ခုန ပြောတဲ့ ဒုက္ခသည်တွေက သူတို့ နဂို အိမ်တွေ ရှိတဲ့ နေရာကို ပြန်သွားမယ် ဆိုရင် အဲဒီမှာ အိမ် ဆောက်ဖို့ အတွက် အိမ်ပုံစံ နမူနာ ၂ ခုကိုလည်း အဲဒီမှာ ဆောက်ပြထားပါတယ်။ တခုကတော့ ကျနော်တို့ ကွန်ကရိလို့ ပြောရမှာပေါ့နော်။ နောက်တခုကတော့ သွပ်မိုး၊ ခြေတံရှည် ပေါ့နော်။ နှစ်ခုလုံးကတော့ ခြေတံရှည်ပါဘဲ။ သွပ်မိုး၊ ဘေးကထရံကာ၊ ခြေတံရှည်ပေါ့။ အဲလို အိမ် နမူနာလည်း တွေ့ရပါတယ်။

စခန်းမှာတော့ ဒီ ဆေးပေးခန်း ရှိတယ်။ ဆေးပေးခန်းကိုလည်း စေ့စေ့စပ်စပ်စီစဉ်ထားတာကိုတွေ့ပါတယ်။ မီးဖွားခန်းတို့၊ ဆေးပေးခန်းတို့ လူနာ ၅ ယောက်လောက် အထိ တင်ပြီးတော့ ကုသပေးနိုင်တဲ့ ဆေးပေးခန်း ဆိုတာထက် ဆေးရုံ အသေးစားလေးပေါ့။ ဆေးရုံ အသေးစားလေး တွေ့ရပါတယ်။ အရမ်းကြီး အကောင်းကြီး ပြင်ဆင်ထားတာ မဟုတ်ပေမယ့် တော်ရုံတန်ရုံ လုပ်ပေးနိုင်တဲ့ ကုသပေးနိုင်တဲ့ ဆေးပေးခန်းလေး တခုလို့ ကျနော် အဲလိုဘဲ နားလည်ပါတယ်။ တခါ စာသင်ကျောင်း ရှိပါတယ်။ စာသင်ကျောင်းကလည်း အကြီးကြီး မဟုတ်ပါဘူး။ အခန်း ၅ ခန်းနဲ့ တခန်းကို ကျောင်းသား ၃၀ လွန်ရော ကျွံရော ၄၀ လောက် စာသင်လို့ ရတဲ့ အခန်း ၅ ခန်းဆိုတော့ ကျောင်းတကျောင်းလုံးကို ကျောင်းသား ၂၀၀ ပေါ့နော်။ ကျောင်းသား ၂၀၀ လောက် စာသင်လို့ ရတဲ့ စာသင်ကျောင်း ရှိပါတယ်။

ပြီးတဲ့ အခါကျတော့ ကလေးတွေ အတွက် နေ့ကလေးထိန်းလို သဘောမျိုးပေါ့နော်။ အဲသလို ပြင်ဆင်ထားတာ ကျနော်တို့ တွေ့ပါတယ်။ ကစား စရာတွေနဲ့ ရုပ်ပြပုံတွေနဲ့။ နောက်တခါ အမျိုးသမီးတွေ အတွက် ကူညီစောင့်ရှောက်မယ့် ပျိုးထောင်ပေးမယ့် စက်ချုပ်ခုံတွေ ဘာတွေနဲ့ စက်ချုပ်စက်တွေနဲ့ အဲဒီလိုမျိုး ပြင်ဆင်ထားတဲ့ အခန်းကိုလည်း တွေ့ပါတယ်။ မိသားစုတွေ အားလုံးကို ထောက်ပံ့မယ့် ပေးမယ့် မီးဖိုတွေ ကိုလည်း တွေ့ခဲ့ရပါတယ်။

စခန်းကတော့ အခုချိန်မှာ ပြောရမယ်ဆိုရင် လူလာနေလို့ ရတယ်လို့ ပြောလို့ ရပါတယ်။ ဒုက္ခသည် စခန်း ဖြစ်တဲ့ အတွက် ဒုက္ခသည် ပြန်လည် လက်ခံရေး ကြားစခန်း ဖြစ်တဲ့ အတွက် သိပ် အကောင်းစား နေရာကြီးတော့ မဟုတ်ပါဘူး။ သို့သော် လူနေလို့ ရပါတယ်။ ပြင်ဆင်နေတာ အခုဆိုရင် ၁ နှစ် နီးပါး ရှိနေပါပြီ။ သို့သော် အခုအချိန်ထိ အဲဒီ စခန်းမှာ လာနေမယ့်သူ မရှိသေးပါဘူး။ ဆေးပေးခန်းမှာလည်း ဆေးကုမယ့်သူ မရှိသေးပါဘူး။ စာသင်ကျောင်း စာသင်ခန်းတွေမှာလည်းဘဲ ပညာသင်ယူမယ့် ကလေးငယ်တွေ အခုအချိန်ထိ မရှိသေးပါဘူး။ ပြင်ဆင်မှုတွေကတော့ ဆက်လုပ်နေဆဲ စောင့်နေဆဲ အခြေအနေမှာဘဲ ရှိနေပါသေးတယ် ခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG