သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ငူခရိုင်တွင်းလမ်းဖောက်လုပ်မှု KNU ကန့်ကွက်


KNU အစည်းအဝေးကျင်းပနေစဉ်
KNU အစည်းအဝေးကျင်းပနေစဉ်

တောင်ငူခရိုင်အတွင်းမှာ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး လမ်းဖောက်လုပ်နေတာတွေကို ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။ KNU တောင်ငူခရိုင်ရဲ့ ၆ ကြိမ်မြောက် ညီလာခံအပြီး ထုတ်ပြန်ချက်ထဲမှာ အဲဒီလိုကန့်ကွက်ထားတာပါ။ လမ်းဖောက်လုပ်တာတွေကို မရပ်ဘူးဆိုရင် ပဋိပက္ခတွေဖြစ်လာပြီး လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ ယုံကြည်မှုတည်ဆောက်ရေးတွေကို ထိခိုက်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။ ဒီအကြောင်း မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာအစိုးရနဲ့ ကေအန်ယူကရင်အမျိုးသားအစည်းအရုံးတို့ဟာ ၂၀၁၂ခုနှစ်ကစလို့အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ အောက်ခြေခရိုင်တွေမှာတော့ တိုက်ပွဲငယ်လေးတွေ ရှိနေဆဲပါ။ ဒီထဲမှာတော့ ကေအန်ယူတပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်နဲ့ တပ်မဟာ ၅နယ်မြေ ဖာပွန်ခရိုင်မှတော့ မြန်မာတပ်မတော်ရဲ့ လမ်းဖောက်လုပ်မူကိစ္စတွေကို ပြင်းပြင်းထန်ထန်ကန့် ကွက်နေကြပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ ဒီဇင်ဘာလ ၁ရက်နေထိ လုပ်ခဲ့တဲ့တောင်ငူခရိုင်ရဲ့ ညီလာခံအတွင်းမှာ လမ်းဖောက်လုပ်ရေးကိစ္စကို ဆက်ပြီးကန့်ကွက်သွားမှာဖြစ်တဲ့အကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး တောင်ငူုခရိုင်သံတောင်မြိုနယ်က ဗိုလ်မူးကြီး စောထွန်းကဲကတော့ ညီလာခံက ဆုံးဖြတ်ချက်ကိုအခုလိုပြောပြပါတယ်။

"အဲဒီ နေရာတွေကို လမ်းဖောက်ဖို့ကိစ္စတွေကို ကျနော်တို ကိုသူတို့ကအမြဲတမ်းတောင်းဆိုပါတယ်။ ဒါကတော့အန္တရာယ်ရှိလို့အန္တရယ်မကင်းလို့ ။ဟိုသစ်တောကြိုးဝိုင်းကိစ္စလည်းကျနော်တို့လည်း လက်မခံနိုင်ဘူး။ သစ်တောကြိုးဝိုင်းနောက်တခု သတ်မှတ်တဲ့ကိစ္စကို ကျနော်တို့လက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ကန့်ကွက်နေတာပါ ။ တောက်ရှောက်လည်း ကန့်ကွက်နေပါတယ်"

မြန်မာတပ်မတော်ဘက်ကတော့ တောင်ငူခရိုင်အတွင်းမှ ာဖွံဖြိုးရေးခေါင်းစဉ်နဲ့ လမ်းဖောက်လုပ်နေပေမယ့် တောင်ငူခရိုင်မှာတော့ စစ်ဆင်ရေးနယ်မြေလို့သတ်မှတ်နေဆဲပဲ လို့ဆိုပါတယ်။

"အဲဒီ နယ်မြေတွေကို သူတို့က စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်နေတုန်းပဲ အဲဒီ မှာလည်း စစ်ဆင်းရေးတပ်အဖြစ်ထားနေတုန်းပဲ။ စစ်ဆင်ရေးနယ်မြေလို့သတ်မှတ်တော့ကျနော်တို့ပြည်သူတွေက အတည်တကျမနေနိုင်ပဲ ရွာပုန်းရွာရှောင်နေရတုန်းပဲ။ လူဦးရေကတော့ ၂ထောင် ၃ထောင်လောက်ရှိတယ်။ ကျနော်တို့တာဝန်ယူရတဲ့ မြို့နယ်တခုတည်းကိုပဲပြောတာ ။ကျနော်တို့ကေအန်ယူအခေါ်ကတော့ ဒေါဖားခိုပေါ့။ အစိုးရအခေါ်တော့ သံတောင်မြို့နယ်ပေါ့။ အဲဒီမြို့နယ်တခုတည်းကိုပဲပြောတာ လမ်းဖောက်လုပ်ရေးကိစ္စကတော့ သူတို့ စစ်ဆင်ရေးအတွက် အသုံးပြုဖို့ပဲ ။ ကျနော်တို့လူထုက ရွာပုန်းရွာရှောင်အဖြစ်နေရတယ် အမြဲတမ်းပဲကျနော်တို့လည် းနိုင်ငံရေးဆွေးနွေးပွဲလည်း ရပ်တန့်ထားရတဲ့အနေအထားမျိုးဆိုတော့ စိုးရိမ်နေရတာပဲ"

ခရိုင်တခုလုံးဆိုရင်တော့ ရွာပုန်းရွာရှောင်ဒုက္ခသည်သောင်းဂဏန်း လောက်ရှိတယ်လိုလ ည်း သူကဆိုပါတယ်။

ကေအန်ယူထိမ်းချုပ်ရာခရိုင်တွေဖြစ်တဲ့ တောင်ငူခရိုင် ညောင်လေးပင်ခရိုင် ဖာပွန်ခရိုင်နယ်မြေချင်းဆက်နေတဲ့ (ခေးပူ လယ်မူပလော)လမ်းဖောက်လုပ်နေမူတွေကို တော့ အဲဒီ ခရိုင်တွေက ကန့်ကွက်နေကြပြီး ဒါဟာမြန်မာတပ်မတော်ဘက်က စစ်ဆင်ရေးအတွက်ပြင်ဆင်နေတယ်လို့ပြောဆိုနေတာပါ။ ဒါကိုဆက်လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ယုံကြည်မူတည်ဆောက်ရေးတွေပျက်ပြားမယ်လိုလည်းညီလာခံကနေ ဆုံးဖြတ်ကြပါတယ်။ တောင်ငူခရိုင်ညီလာခံကို ထန်းတပင်မြို့နယ်ထဲမှာလုပ်ပြီး ညီလာခံ ကိုယ်စားလှယ် ၈၅ဦးနဲ့ ဗဟိုခေါင်းဆောင် ၇ဦး တခြားခရိုင်တွေက ခေါင်းဆောင်၅ဦးနဲ့ အထူးဖိတ်ကြားသူ ၁၀ဦးလေ့လာသူ ၃၅ဦးတက်ရောက်ခဲ့ပါတယ် ။ တောင်ငူခရိုင်ဟာ ကေအန်ယူရဲ့အားကောင်းတဲ့ ခရိုင်တခုဖြစ်ပြီး ဒေသခံလူထုတွေထောက်ခံမူတွေ အများဆုံးရရှိထားတဲ့ခရိုင်လည်းဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG