သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Indira Gandhi လုပ်ကြံခံရမှု Sikh ဆန့်ကျင်ရေး သွေးထိုးခဲ့သူ ထောင်ဒဏ်တသက်ကျခံရ


Sajjan Kumar
Sajjan Kumar

အိန္ဒိယနိုင်ငံမှာ ၁၉၈၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Sikh လူမျိုးစု ဆန့်ကျင်ရေး လူထုအုံကြွမှုတွေနဲ့ ဆက်နွယ်တဲ့ အပြင်းထန်ဆုံး တရားစီရင်မှုတခုကို နယူးဒေလီမြို့ တရားရုံးက တနင်္လာနေ့မှာ ချမှတ်လိုက်ပါတယ်။ အဲဒီအချိန်က တာဝန်ထမ်းဆောင်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Indira Gandhi ကို သူ့ရဲ့ ကိုယ်ရံတော် Sikh လူမျိုးတဦးက လုပ်ကြံ သတ်ဖြတ်လိုက်ပြီးတဲ့နောက် Sikh ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးခဲ့မှုနဲ့ လက်ရှိ အတိုက်အခံ Congress ပါတီက အကြီးတန်း နိုင်ငံရေးသမားတဦးဖြစ်သူ အသက် ၇၃ နှစ်အရွယ် Sajjan Kumar ကို တသက်တကျွန်း ထောင်ဒဏ် ချမှတ်လိုက်တာပါ။

အဲဒီ အချိန်က Sajjan Kumar ဟာ အာဏာရ Congress ပါတီရဲ့ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ၄ ရက်လောက် ကြာခဲ့တဲ့ အဲဒီ Sikh ဆန့်ကျင်ရေး အဓိကရုန်းအတွင်း တွေ့သမျှ လူနည်းစု Sikh လူမျိုးတွေကို ဟိန္ဓူဘာသာဝင်တွေက လိုက်လံ သတ်ဖြတ်တာ၊ သူတို့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာမှာ Sikh လူမျိုးပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ Sikh ဆန့်ကျင်ရေး အဓိကရုန်းတွေဟာ Crime against humanity - လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း၊ အဓိကရုန်းမှာ ပါဝင်ခဲ့သူတွေဟာလည်း နိုင်ငံရေးအရ သူကောင်းပြုခံခဲ့ရတဲ့အပြင် တရားစွဲဆိုခြင်းလည်း မခံခဲ့ကြရကြောင်း စီရင်ချက် ချမှတ်လိုက်တဲ့ တရားသူကြီးက ပြောပါတယ်။

ဝန်ကြီးချုပ် Indira Gandhi က Sikh လူမျိုးတွေရဲ့ ရွှေကျောင်းတော်အတွင်းမှာ ရှိနေတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းဖို့အတွက် စစ်တပ်ကို စေလွတ်လိုက်တဲ့ကိစ္စအပေါ် မကျေနပ်မှုကြောင့် ဝန်ကြီးချုပ်ကို Sikh လူမျိုး ကိုယ်ရံတော်တဦးက လုပ်ကြံ သတ်ဖြတ်လိုက်တာပါ။ U

Sajjan Kumar အနေနဲ့ အခုလကုန် နောက်ဆုံးထားပြီး ရုံးတော်မှာ လာရောက်အဖမ်းခံဖို့ အမိန့်ထုတ်ထားပါတယ်။

သူ့ကို အောက်တရားရုံးတခုက ၂၀၁၃ ခုနှစ်မှာ ကွင်းလုံးကျွတ် လွတ်ပေးလိုက်ပေမယ့် ၁၉၈၄ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုန်းဖြစ်ပေါ်အောင် သူ့အနေနဲ့ လျှို့ဝှက်စွာ ပူးပေါင်း ကြံစည်ခဲ့တယ်ဆိုတာကို အိန္ဒိယစုံစမ်းရေးအဖွဲ့က ဖော်ထုတ်ခဲ့ပြီးတဲ့နောက်မှာ အခုလို စီရင်ချက် ချခံရတာ ဖြစ်ပါတယ်။

အခုချမှတ်လိုက်တဲ့ တရားရုံးရဲ့ စီရင်ချက်ကို အဓိကရုန်းအတွင်း သေဆုံးသွားခဲ့တဲ့ Sikh တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက ကြိုဆိုလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG