သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ နိုင်ငံခြားပညာရေး ပူးပေါင်းလုပ်ဆောင်မှု အားနည်းချက်တွေအပေါ် ဝေဖန်မှု


မြန်မာနိုင်ငံ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ မလေးရှားအခြေစိုက် EDS Business School ၊ အမေရိကန် ပြည်ထောင်စုအခြေစိုက် Akamai University တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ကိစ္စအပေါ် ပြန်သုံးသပ်စေချင်ပြီးတော့ လူထုကို ရှင်းလင်းပြောဆိုစေချင်တယ်လို့ ဒီကျောင်းတွေနဲ့ပတ်သက်ပြီး အသေအချာ လေ့လာပြီးတော့ ဝေဖန်ထောက်ပြစာတွေကို ရေးသားနေသူ ကိုနေယံဦးက ပြောပါတယ်။ UK နိုင်ငံ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်၊ Blavatnik School of Government မှာ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့အတွက် ဆည်းပူးလေ့လာနေသူ၊ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်က နိုင်ငံတကာ ဆက်ဆံရေး သုတေသနအဖွဲ့ဖြစ်တဲ့ Pacific Forum မှာ မြန်မာ့အရေးလေ့လာသူ သုတေသီအဖြစ် နှစ်နှစ်တာ တာဝန်ထမ်း ဆောင်ခဲ့သူ ကိုနေယံဦးကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကိုနေယံဦးက မြန်မာနိုင်ငံ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ မလေးရှားနိုင်ငံအခြေစိုက် EDS Business School ပေါ့၊ စီးပွား ရေးကျောင်းရယ်၊ နောက်တခါ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်မှာ အခြေစိုက်တယ်လို့ဆိုထားတဲ့ Akamai တက္ကသိုလ်၊ ဒီကျောင်းတွေနဲ့ ပူးပေါင်းပြီးတော့ သင်တန်းတွေဖွင့်ပြီးတော့ ဒီပလိုမာလက်မှတ်တွေ၊ မာစတာဘွဲ့တွေ ပေးတယ်ဆို တာနဲ့ ပတ်သက်ပြီးတော့ ကိုနေယံဦးက ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတွေ ကျနော်တို့ဖတ်ရပါတယ်။ ဆိုတော့ ကိုနေယံဦး အဓိကထောက်ပြထားတာက EDS Business School နဲ့ Akamai University တို့သည် သက်ဆိုင်ရာ အသိအမှတ်ပြု အဖွဲ့အစည်းကြီးတွေကနေပြီးတော့ တရားဝင်အသိအမှတ်ပြုထားတဲ့အဖွဲ့တွေ မဟုတ်ဘူးဆိုပြီးတော့ ကိုနေယံဦးက ထောက်ပြ ထားတာတွေ့ရပါတယ်။ ဘယ်လိုအကြောင်းအချက်တွေကြောင့် ဒီကျောင်းတွေဟာ စစ်မှန်မှုမရှိဘူးလို့ ကိုနေယံဦးက ထောက်ပြ တာပါလဲခင်ဗျ။

ဖြေ။ ။ “ဒီလိုပါဗျ၊ သူတို့နှစ်ကျောင်းပေါ့၊ တကျောင်းကတော့ ဟာဝိုင်ယီက Akamai University ပေါ့၊ နောက်တခုက မလေးရှား မှာရှိတဲ့ EDS Business School ပေ့ါ၊ နိုင်ငံခြားမှာတော့ ကျောင်းတွေကနေပြီးတော့ ဘွဲ့လက်မှတ်တွေဘာတွေ ပေးမယ်ဆိုရင် သူတို့ သက်ဆိုင်ရာ အစိုးရကနေပြီးတော့ accredit ဖြစ်တဲ့၊ အစိုးရကအသိအမှတ်ပြုပါတယ်ဆိုတာမျိုး ထုတ်ပေးတာရှိတယ်ခင်ဗျ။ အဲဒီ တော့ ဟာဝိုင်ယီမှာ Akamai University ကို ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်တ်မှာကိုက သူရေးထား တယ်ခင်ဗျ၊ သူတို့တက္ကသိုလ်သည် အမေရိကန်အစိုးရကနေ၊ အမေရိကန် ပညာရေးဝန်ကြီးဌာနကနေ အသိအမှတ်မပြုပါဘူးလို့ ရေးထားတယ်ခင်ဗျ။ EDS Business School ဆိုရင်လည်း အဲလိုပဲ၊ မလေးရှားအစိုးရကနေ အသိအမှတ်ပြုတယ်ဆိုတဲ့ တက္ကသိုလ်စာရင်းတွေရှိတယ်။ အဲဒီမှာ သွားပြီးတော့ ရှာကြည့်မယ်ဆိုရင် သူရဲ့နာမည်ကိုတောင် မတွေ့ရဘူး။”

မေး။ ။ ဟုတ်ကဲ့၊ အဲဒီအချက်တွေအပြင် တခြား ဘယ်အချက်တွေများရှိသေးလဲ၊ ကိုနေယံဦးအနေနဲ့ လေ့လာတွေ့ရှိထား သလောက် ဒီကျောင်းတွေဟာ စစ်မှန်မှုမရှိဘူးဆိုတဲ့ သံသယဖြစ်ဖွယ် တခြားအချက်အလက်တွေရော ဘာတွေများ ရှိသေးလဲ ခင်ဗျ။

ဖြေ။ ။ “တခြားအချက်အလက်ဆိုရင်တော့ ကျနော့်ကိုယ်တိုင် အတွေ့အကြုံပဲပြောရမယ်ဆိုရင် ကျနော်က ဟာဝိုင်ယီမှာ နေခဲ့ တာခင်ဗျ၊ ဟာဝိုင်ယီမှာ ကျနော် နှစ်နှစ် အလုပ်လုပ်ခဲ့တယ်။ သိတဲ့အတိုင်း ဟာဝိုင်ယီဆိုတာ ပြည်နယ်က သေးသေးလေးပဲလေ။ ဟာဝိုင်ယီမှာရှိတဲ့ တက္ကသိုလ်အကြီးတွေဆိုရင် University of Hawaii ဗျာ၊ ဟာဝိုင်ယီပြည်နယ်တက္ကသိုလ်ရှိမယ်၊ နောက် ဟိုနိုလူလူမြို့လည်ခေါင်က Hawaii Pacific University ရှိမယ်၊ နောက်တခုက ခရစ်ယာန်ဘာသာရေးရာ တက္ကသိုလ်တခုရှိမယ်၊ နောက် တခြား ဒေသကောလိပ်တွေရှိမယ်၊ ဒီလောက်ပဲဗျ။ ကျန်တဲ့တက္ကသိုလ်တွေက တကယ့်ကို သေးသေးလေးတွေပဲ။ သင်တန်းသာသာ သေးသေးလေးတွေပဲ။ အခုပြောနေတဲ့ Akamai University ဆိုရင် အဲဒီသေးသေးလေးဆိုတဲ့ သင်တန်းတွေ level တောင်မရှိတာကိုတွေ့ရတယ်။ အထူးသဖြင့်က Wikipedia Page လိုဟာမျိုးမှာ သွားကြည့်မယ်ဆိုရင်တောင်မှ သူ့ကို ရေးသားဖော်ပြမထားဘူးဆိုတာ ကျနော်တို့တွေ့ရတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့၊ ဒီကျောင်းတွေက ဟုတ်ပြီ ဒီလိုမျိုး သက်ဆိုင်ရာအစိုးရတွေက တရားဝင် အသိအမှတ်ပြုထားတဲ့ကျောင်းတွေ မဟုတ်သော်ငြားလည်းပဲ သူတို့ကနေပြီးတော့ ပေးတဲ့သင်တန်းတွေ၊ သူတို့ထုတ်ပေးတဲ့ လက်မှတ်တွေက စစ်မှန်တဲ့၊ အဆင့်အတန်းရှိတဲ့ သင်တန်းမျိုး၊ ပညာရပ်မျိုး၊ လက်မှတ်မျိုး မဖြစ်နိုင်တော့ဘူးလားခင်ဗျ။

ဖြေ။ ။ “အခုဆိုရင်ဗျာ ကျနော်ရေးထားသလိုပဲ သူတို့ နှစ်နှစ်ပေးနေတဲ့ Master Programme ဆိုလည်း ဖတ်ကြည့်လိုက်မယ် ဆိုရင် တွေ့တယ်ခင်ဗျ။ သူက ဘာလဲဆိုတော့ ကျောင်းသားတယောက်က ၁၀ တန်းတက်ရမယ်၊ နောက်တခုက Master Project ရေးရမယ်ပေါ့၊ အဲဒီတော့ ဒီ အတန်းဆယ်တန်းက ဘယ်လိုသင်လဲဆိုတော့ တတန်းကို သုံးရက်နှုန်းနဲ့သင်မယ်လို့ ရေးထားတာကို တွေ့တယ်။ တတန်းကို သုံးရက်နဲ့ဆိုတော့ စဉ်းစားကြည့်ဗျာ၊ တကယ့်ကို ခက်ခဲနက်နဲတဲ့ ဘာသာရပ်တခုကို သုံးရက်ထဲနဲ့သင်မယ် ဆိုတာက ကွာလတီကို တကယ့်ကို စိုးရိမ်ဖို့လိုတယ်။ ဘာသာရပ်တခုကို သုံးရက်နဲ့အပြတ်သင်မယ်ဆိုတာက တော်တော့်ကိုမှ၊ ထိရောက်တယ်လည်း မရှိဘူး၊ အရည်အသွေးအားဖြင့်လည်း အာမခံချက်မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရနိုင်တယ်ခင်ဗျာ။”

မေး။ ။ ဟုတ်ကဲ့၊ ဆိုတော့ ကိုနေယံဦးအနေနဲ့က လေ့လာထားသလောက် တွေ့ရှိထားသလောက်မှာ ဒီလိုမျိုး အရည်အသွေး အားဖြင့်သော်လည်းကောင်း၊ အသိအမှတ်ပြုမှုအားဖြင့်သော်လည်းကောင်း အရမ်းအားနည်းတဲ့ ကျောင်းတွေနဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က အခုလိုပူးပေါင်းပြီး သင်တန်းတွေပေး၊ လက်မှတ်တွေပေး လုပ်နေတဲ့အပေါ်မှာ တကယ်တမ်း ဘယ်လိုဖြစ်သင့် တယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ “ကျနော်ကဗျာ အခု ပြည်ထောင်စုရာထူးဝန်အဖွဲ့က လုပ်နေတဲ့ ဟာဝိုင်ယီက Akamai University ရယ်၊ EDS Business School ရယ် သူတို့နဲ့တွဲပြီးလုပ်တာကို ကျနော်ကတော့ ပြန်ပြီးသုံးသပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ခုနပြောတဲ့ နှစ်ချက်ပေါ့နော်၊ နံပါတ် ၁ က ဒီအဖွဲ့တွေသည် သေချာ ခိုင်မာမှုလည်းမရှိဘူး၊ သူတို့နိုင်ငံအစိုးရကနေပြီးတော့ အသိအမှတ်ပြု ထားတဲ့ တက္ကသိုလ်တွေလည်း မဟုတ်ဘူး။ ဆိုလိုတဲ့တခုက သူတို့ပေးတဲ့ ပရိုဂရမ်တွေကလည်း တော်တော့်ကိုမှ အရည်အသွေး အားဖြင့်လည်း သံသယရှိစရာကောင်းတဲ့အတွက် အစိုးရအနေနဲ့၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ ဒီပရိုဂရမ်တွေနဲ့၊ ဒီအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာကို ပြန်လည်သုံးသပ်ဖို့၊ လူထုကို ရှင်းရှင်းလင်းလင်းပြောပြပေးဖို့တော့ လိုတယ်ဗျ၊ ဘာ့ကြောင့် သူတို့ ဒီလိုတွေလုပ်ခဲ့တာလဲ၊ ဘာ့ကြောင့် အရည်အသွေးမမီတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလဲ ဆိုတာကို …”

မေး။ ။ ဟုတ်ကဲ့၊ အဲဒါအပြင် ကိုနေယံဦးရဲ့ ကိုယ်ပိုင်အယူအဆအနေနဲ့ ဒီလိုမျိုး စစ်မှန်မှုမရှိဘူး၊ အရည်အသွေးလည်း နိမ့်ကျ တယ်ဆိုတဲ့ ကျောင်းတွေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကြီး ကိုယ်တိုင်ကိုက ပူးပေါင်းပြီးတော့ လုပ်ဆောင်တယ်ဆိုတာဟာ ဘယ်လိုအကြောင်းအချက်တွေကြောင့်များလဲလို့ ကိုနေယံဦး ကိုယ်တိုင်ရဲ့ အယူအဆအနေနဲ့ တွေးမိပါသလဲ …

ဖြေ။ ။ “နှစ်ချက်တော့ ဖြစ်နိုင်တာပေါ့၊ တခုကတော့ ဒီအဖွဲ့အစည်းတွေက စီးပွားရှာသက်သက်၊ အကျိုးအမြတ်ကို အဓိကထားတဲ့၊ အရည်အသွေးခိုင်မာမှုမရှိတဲ့ အဖွဲ့တွေက ပြည်တွင်းကို လာတယ်ဗျာ၊ မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုတော့၊ ဖြစ်နိုင်တာနှစ်ချက်ပေါ့၊ တချက်က ပြည်ထောင်စုရာထူးဝန်အဖွဲ့က တကယ်ကိုပဲ ဒီတက္ကသိုလ်တွေဟာ ခိုင်မာမှု ရှိလား မရှိလားကို သူတို့ကိုယ်တိုင် နားမလည်လို့၊ မသိလို့ လက်ခံလိုက်တယ်ဆိုတဲ့တချက် ဖြစ်နိုင်တယ်ခင်ဗျ။

“နောက် ဒုတိယတချက်ကတော့ ဒါကို သိသိကြီးနဲ့ပဲ ရှေ့ဆက်ပြီးတော့ လုပ်တယ်ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်ဗျ။ အဲဒီအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ကျနော်က တောင်းဆိုချင်တာကတော့ ပြည်သူလူထုကို သူတို့အနေနဲ့ တိတိလင်းလင်း အတိအကျ တော့ သူတို့ ထုတ်ဖော်ပြောဖို့တော့လိုတယ်။ သူတို့ ဘာ့ကြောင့် မသိဘဲနဲ့ လုပ်ခဲ့တာလား၊ ဒါမှမဟုတ် သိလျက်နဲ့ ဆက်ပြီး လုပ်တာလားပေါ့။ သိလျက်နဲ့ လုပ်တယ်ဆိုရင်တော့ ဒါ scandal လို့ခေါ်တဲ့ ပြဿနာရှိတဲ့ issue တခုဗျ။ conflict of interest လို့ ခေါ်တဲ့ အကျိုးအမြတ်တွေ ပါနိုင်လား၊ ဒါမှမဟုတ် corruption လို့ခေါ်တဲ့ အကျင့်ပျက် ခြစားမှုတွေရော ပါနိုင်လား၊ တကယ်ပဲ သူတို့ဘက်က မသိလို့ဘဲ အရည်အသွေးမမီတဲ့အဖွဲ့တွေနဲ့ လုပ်ဖြစ်တာလားဆိုတာ သူတို့ကိုယ်တိုင် ရှင်းပြပေးဖို့တော့ လိုတယ်ခင်ဗျ။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုနေယံဦးနဲ့ ဆက်သွယ်မေးမြန်းဖို့ ဗွီအိုအေက ပြင်ဆင်နေတဲ့ ကာလအတောအတွင်းမှာပဲ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဌ ဒေါက်တာဝင်းသိမ်းကိုလည်း ဆက်သွယ်ထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဒေါက်တာဝင်းသိမ်းဆီက အကြောင်းပြန်ကြားချက် တစုံတရာ မရသေးပါဘူး။

XS
SM
MD
LG