သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်အချို့ နေရပ်ပြန်


ကချင်ဒုက္ခသည်စခန်း
ကချင်ဒုက္ခသည်စခန်း

ကချင်ပြည်နယ် နန်ဆန်ယန်ကျေးရွာက စစ်ရှောင်ပြည်သူတချို့ဟာ ဒီရက်ပိုင်းတွေအတွင်း နေရပ်ပြန်လာ ခဲ့ကြသလို တပ်မတော်ဘက်က စစ်ရှောင်တွေပြန်လာနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အကြား စစ်ရှောင်တွေနေရပ်ပြန်ရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြားဝင်ညှိနှိုင်းနေပြီး ကချင်နိုင်ငံရေး ခေါင်းဆောင်အချို့ ကတော့ လာမယ့်နှစ်လယ်လောက်မှာ အစီအစဉ်တွေအကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်ကကားလမ်းဘေးက နန်ဆန်ယန်ရွာသားအချို့ဟာ ဒီလ ၂၀ ရက်ပိုင်းလောက်က နေရပ်ကို ပြန်လာတာတွေ ရှိခဲ့ပြီး တပ်မတော်ကလည်း ဒီလ ၂၁ ရက်နေ့ ငြိမ်းချမ်းရေးဆိုင်ရာကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက်မှာ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်လာချိန်မှာပဲ တပ်မတော်ကလည်း မိုင်းရှင်းလင်းတာတွေ ဆောင်ရွက်နေကြောင်းကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးအင်ရှန်ဆန်အောင်က အခုလို ပြောပါတယ်။

“ အိမ်ထောင်စု ၁၇စုရောက်နေတယ်လို့ သိရတယ်။ နန်ဆန်ယန်ရွာဆိုတာက အရင်တုံးက အိမ်ခြေ ၂ထောင်ကျော်ရှိတဲ့ရွာကြီးပေါ့နော်။ အခုက ၁၇အိမ်ပဲ ပထမဦးဆုံးလာတဲ့သူတွေ။ အခုလာနေတဲ့ လူတွေကတော့ အိမ်လည်း နည်းနည်းပါးပါးပြင်ရတဲ့ လူတွေလောက်ပဲ လာသေးတယ်။ အိမ်တွေအများကြီးပျက်သွားတဲ့ဟာတွေကျတော့ လာရင်လည်း နေမယ့် နေရာတွေ မရှိဘူး။ နန်ဆန်ယန်ရွာထဲမှာ တပ်မတော်က ထောင်ထားတဲ့ဟာတွေကတော့ ရှင်းပြီလို့တော့ ပြောပါတယ်။ မပခ တိုင်းမှုးကနေ ကျနော်ကို ပြောပြပါတယ်။ ကျန်တဲ့ဟာတော့ အခုတော့ မလုပ်နိုင်သေးဘူးပေါ့။ နှစ်ဘက်ညှိနှိုင်းပြီးမှ လုပ်ရမယ့် အလုပ်တွေက အများကြီးရှိနေသေးတယ်။”

စစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် တပ်မတော်နဲ့ KIO တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် PCG က ညှိနှိုင်းနေကြောင်းလည်း ဦးအင်ရှန်ဆန်အောင်က ဆက်ပြောပါတယ်။

“ အချိန်ကတော့ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုရင် အခု ညှိနှိုင်းနေဆဲပဲမို့။ ညှိနှိုင်းတယ်ဆိုတာ ကျနော်တို့ ကြားထဲမှာ ဟိုသွား၊ ဒီသွားနဲ့ ညှိနှိုင်းပေးနေတာပဲ ရှိသေးတယ်။ သူတို့နှစ်ဘက်က တွေ့ဆုံပြီးမှ ညှိနှိုင်းတဲ့အဆင့် မရောက်သေးဘူး။ ဟိုဘက်တွေ့ဆုံ၊ ဒီဘက်တွေ့ဆုံနဲ့ လုပ်ပေးနေတဲ့အနေအထားပဲ ရှိပါတယ်။ KIO ဘက်ကတော့ ဒီ IDP တွေ အမြန်ပြန်လာရေးကို သူကအများကြီး လိုလားတယ်ပေါ့။ အများကြီး လိုလားတယ်ဆိုတာ သူ့ရဲ့ မူဝါဒထဲမှာကို ရှိတယ်။ ”

ကချင်နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတူးဂျာကတော့ ဇန်နဝါရီလအတွင်းမှာ နှစ်ဘက်ဆွေးနွေးနိုင်ပြီး နှစ်လည်မတိုင်ခင်မှာ အဆင်ပြေလာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ ဒီဇန်နဝါရီလဆန်းပိုင်း ပထမပတ်၊ ဒုတိယပတ်လောက်ဆိုရင် သူတို့အချင်းချင်း ပြန်တွေ့ကြမယ်။ နောက်ပြီးရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဒီကြားမှာတော့ အဖြေတွေ ထွက်လာလိမ့်မယ်လို့ ထင်တယ်လေ။ ဒီ ၂၀၁၉နှစ် လည် မတိုင်ခင်ပေါ့နော ဒါ ဒီဟာတွေ အဆင်ပြေလာလိမ့်မယ်။ နှစ်သစ်ကူးပြီး ၃- ၄ လအတွင်း အများကြီး သိသာ လာလိမ့်မယ်ပေါ့နော်။ ကျနော်ကတော့ အကောင်းဘက်ကို မြင်ပါတယ်။ ၂၀၁၉ အတွက် ဒီဟာ အကောင်အထည်ပေါ်လာလိမ့်မယ်လို့ ထင်တယ်လေ။”

တပ်မတော်နဲ့ ဆွေးနွေးမယ့်အခြေအနေကိုမေးမြန်းဖို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့မရခဲ့ပါဘူး။

အမည်မဖော်လိုသူ KIO ရဲ့ တာဝန်ရှိသူတဦးကတော့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ရေးအတွက် တပ်မတော်နဲ့ ဆွေးနွေးဖို့ရှိသလို သေချာသဘောတူညီချက်ရပြီးမှသာ ပြန်လည်ပို့ဆောင်ဖို့ ဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၈ခုနှစ် နှစ်လည်ပိုင်းက စတင်ပြီး တပ်မတော်နဲ့ KIO အကြား တိုက်ပွဲဖြစ်ပွားတာတွေ လျော့နည်းလာပြီး ဒီလပိုင်းတွေအတွင်းမှာတော့ လုံး၀ နီးပါးရပ်ဆိုင်းနေခဲ့ပါတယ်။

ဒီလ ၂၁ရက်နေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်မှာ ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အခြားစစ်တိုင်း ၄တိုင်းနယ်မြေမှာ စစ်ရေးလှုပ်ရှားမှုတွေ ၄လ ရပ်ဆိုင်းကြောင်း နဲ့ စစ်ရှောင်ပြည်သူတွေ နေရပ်ရင်း ပြန်နိုင်ဖို့ အတွက် တပ်မတော်က ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကချင်ဒုက္ခသည်အချို့ နေရပ်ပြန်
please wait

No media source currently available

0:00 0:03:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG