သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၁၁၆ ကြိမ်မြောက် ကန်လွှတ်တော် ကျမ်းသစ္စာကျိန်ဆို ခန့်အပ်


အမေရိကန်ပြည်ထောင်စုရဲ့အထက်နဲ့အောက်လွှတ်တော်အသစ်တွေကို မနေ့က ဇန်န၀ါရီသုံးရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ ပြီး အောက်လွှတ်တော်ကို ဒီမိုရက်တစ်ပါတီတွေက တကြော့ပြန်ထိန်းချုပ်လိုက်ပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်မှာ တော့ ရီပါဘလစ်ကန်ဘက်ကပဲ ဆက်ပြီးထိန်းချုပ်ထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က လွှတ်တော်အမတ် Nancy Pelosiကတော့ အောက်လွှတ်တော်ရဲ့ ဥက္ကဌအဖြစ် နောက်တကြိမ်ပြန်ဖြစ်လာပြီး မနေ့က ကျမ်းသစ္စာကျိန် ဆိုခဲ့ပါတယ်။ အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ မနေ့ကကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး လွှတ်တော်သစ်ဖွင့် လှစ်မှုတွေလုပ်ခဲ့တဲ့အကြောင်း ကိုကျော်အောင်လွင် ဆက်ပြီးပြောပါလိမ့်မယ်။

အမေရိကန်သမ္မတဒေါ်နလ်ထရမ့်အာဏာယူအုပ်ချုပ်ခဲ့တဲ့သက်တမ်း၂နှစ်အတွင်း အထက်နဲ့အောက်လွှတ်တော်၂ရပ်လုံး ကို ရီပါဘလစ်ကန်ပါတီဘက်ကပဲ ထိန်းချုပ်လာခဲ့တဲ့အခြေအနေဟာ မနေ့ကစပြီး လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ အောက် လွှတ်တော်မှာကြီးစိုးခဲ့တဲ့ရီပါဘလစ်ကန်တွေ မနေ့က တရားဝင်နောက်ဆုတ်ပေးခဲ့ရပြီး ဒီမိုကရက်တွေကလွှတ်တော်ကို ပြန်ထိန်းချုပ်လိုက်ပါပြီ။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် နန်စီပလိုစီဟာ ၁၁၆ကြိမ် မြောက်အောက်လွှတ်တော်ရဲ့ ဥက္ကဌအဖြစ် မဲအများစုနဲ့ ရွေးချယ်ခံခဲ့ရတဲ့အကြောင်းလွှတ်တော်မှာကြေညာခဲ့တာပါ။

နန်စီပလိုစီအနေနဲ့ အောက်လွှတ်တော်ရဲ့ဥက္ကဌအဖြစ်မနေ့က ကျမ်းသစ္စာကြိမ်ဆိုခဲ့တာက သူ့အတွက် ဒုတိယ အကြိမ်ပါ။ ၂၀၀၇ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိလည်း ဒီရာထူးမှာသူထမ်းဆောင်ခဲ့ရပါသေးတယ်။ အခုလိုအောက်လွှတ်တော်မှာ ဒီမိုကရက်တွေပြန်ကြီးစိုးလာနိုင်ခဲ့တာက ပြီးခဲ့တဲ့နိုဝင်ဘာလမှာကျင်းပခဲ့တဲ့ လွှတ်တော်သက်တမ်းဝက်ရွေး ကောက်ပွဲ တွေမှာ ဒီမိုကရက်တွေကေ အာက်လွှတ်တော်မှာ အနိုင်ရခဲ့တာကြောင့်ပါ။ အခုတော့ အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၄၃၅ခုမှာ ဒီမိုကရက်အမတ်တွေက ၂၃၅နေရာကိုယူထားလိုက်ပါပြီ။ ဒါပေမဲ့ အထက်လွှတ်တော်မှာတော့ ရီပါဘလစ်ကန် တွေကပဲ အသာစီးယူထားပါတယ်။ သက်တမ်းဝက်ရွေးကောက်ပွဲမတိုင်ခင်က ရီပါဘလစ်ကန်အမတ်၅၁ ဦးရှိနေပြီး ရွေးကောက်ပွဲမှာ၂ဦးထပ်တိုးပြီးအနိုင်ရလိုက်လို့ ရီပါဘလစ်ကန်က ၅၃နေရာ ၊ ဒီမိုကရက်က ၄၇နေရာနဲ့ အမတ်နေရာ အများစုကို ရီပါဘလစ်ကမ်ကရယူထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေမဲပေးခွင့်ရခဲ့တဲ့နှစ်တရာပြည့်နှစ်မှာ အောက်လွှတ်တော်ဥက္ကဌရာထူးကို လက်ခံရတာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း မနေ့ကကျင်းပခဲ့တဲ့ ၁၁၆ကြိမ်မြောက်အောက်လွှတ်တော်ဖွင့်ပွဲ အခမ်း အနားမှာ နန်စီပလိုစီကပြောကြားခဲ့ပါတယ်။

"ကျမအနေနဲ့ လက်ရှိလွှတ်တော်ရဲ့ အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရတာ သိပ်ကို ဂုဏ်ယူပါတယ်။ အကြောင်းကတော့ ဒီနှစ်ဟာ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရရှိတဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်လို့ပါပဲ ကျမတို့ အောက်နဲ့ အထက်လွှတ်တော် ၂ ရပ်စလုံးမှာ အမျိုးသမီးအမတ် ၁၀၀ ကျော်ရှိပါတယ်။ ဒါဟာ သမိုင်းမှာ အများဆုံးဖြစ်ပါတယ်။ ကျမတို့အနေနဲ့ အရေအချင်းလည်း ပြည့်ဝသလို နိုင်ငံက တာဝန်ပေးအပ်တာကိုလည်း ခံကြရတာဖြစ်ပါတယ်။"

အောက်လွှတ်တော်ဥက္ကဌအသစ် နန်စီပလိုစီဟာ အသက်၇၈နှစ်ရှိပါပြီ။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတနဲ့ ဒုသမ္မတ ပြီးရင် အောက်လွှတ်တော်ဥက္ကဌက အာဏာအရှိဆုံးပါ။ အဲဒါကြောင့် နန်စီပလိုစီဟာ အမေရိကန်နိုင်ငံရေးသမိုင်းမှာ အာ ဏာအရှိဆုံးအမျိုးသမီးနေရာကိုရရယူထားတာပါ။

လွှတ်တော်ဆိုတဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ သမ္မတရဲ့ရာထူးအပြင်တရားရေးမဏ္ဍိုင်နဲ့လည်း တန်းတူရှိတဲ့အကြောင်း အောက်လွှတ်တော်ဥက္ကဌနန်စီပလိုစီကပြောပါတယ်။

"ကျမတို့ နိုင်ငံဟာ သမိုင်းတွင်တဲ့ အခါသမယရောက်နေပါပြီ။ လွန်ခဲ့တဲ့ ၂ လက အမေရိကန်နိုင်ငံသားတွေ မဲပေးခဲ့ကြပြီး သမိုင်း စာမျက်နှက်သစ် စတင်ဖို့ တောင်းဆိုခဲ့ကြတာပါ။ ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရအပြင် အပြန်အလှန်ထိန်းညှိတဲ့စနစ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ကျမတို့ဥပဒေပြုလွှတ်တော်ဟာ သမ္မတအပြင် တရားစီရင်ရေးစနစ်နဲ့ တန်းတူလုပ်ပိုင်ခွင့်အာဏာလည်းရှိတာဖြစ်ပါတယ်။"

လွှတ်တော်အသစ်မှာဒီမိုကရက်တွေက အစိုးရအသုံးစရိတ်မူကြမ်းခြောက်ခုကို အတည်ပြုပေးမှာဖြစ်ပြီးအဲဒီအတည်ပြု ချက်တွေအရ လက်ရှိဖြစ်ပေါ်နေတဲ့အစိုးရ ယန္တရားတချို့ရပ်ဆိုင်းနေမှုကိုအဆုံးသတ်စေမယ့်သဘောရှိပါတယ်။ လော လောဆယ် သမ္မတဒေါ်နလ်ထရမ့်နဲ့ ဒီမိုကရက်အမတ်တွေအကြား မက္ကဆီကိုနယ်စပ်တလျှောက် တံတိုင်းခတ်ရေး ကိစ္စမှာ အပြင်းအထန်သဘောထားကွဲလွဲနေကြလို့ အစိုးရယန္တရားတချို့ရပ်ဆိုင်းနေတာ မနေ့ကကြာသပတေးနေအထိဆိုရင် ၁၃ရက် ရှိသွားပါပြီ။ အခုလိုဖြစ်ရတာ သမ္မတကြောင့်လို့ ဒီမိုကရက်တွေကပြောနေသလို သမ္မတကလည်း ဒီမိုကရက်တွေကြောင့် ဆိုပြီး အပြန်အလှန်အပြစ်ဖို့နေကြတာပါ။

နိုင်ငံရေးမှာ အမြင်မတူညီတာတွေရှိနေပေမဲ့လည်း တဦးနဲ့တဦးလေးစားမှုနဲ့ အမှန်တရားကိုလေးစားမှုတွေရှိတဲ့အကြောင်းကိုလည်း ဥက္ကဌသစ် နန်စီ ပလိုစီကပြောပါတယ်။

"ကျမတို့ထမ်းဆောင်ရမယ့်တာဝန်က လွယ်ကူမယ်လို့ ကျမတို့ မထင်ထားပါဘူး။ အလားတူ လွှတ်တော်အမတ်တွေလည်း သဘောတခုတည်းရှိကြမယ်လို့ မယူဆပါဘူး။ ကျမတို့ အမြင်မတူကြပေမယ့် ကျမတို့ တဖက်အမြင်ကို လေးစားကြမှာဖြစ်သလို အမှန်ကိုလည်း လေးစားကြမှာဖြစ်ပါတယ်။ ကျမတို့အနေနဲ့ သဘောထားအမြင်တွေကို ဘယ်ဘက်ကပဲလာလာ အခြေတင်ဆွေးနွေးကြမှာဖြစ်ပြီး ကောင်းမွန်တဲ့အမြင်တွေကို ရှေးရှု့ဆောင်ရွက် သွားကြမှာပါ။ ဒီစိတ်ဓါတ်နဲ့ ကျမတို့ ဒီမိုကရက်တွေဟာ အထက်လွှတ်တော် အသုံးစရိတ်ရထားရေးဆိုင်ရာ ဥပဒေမူကြမ်းကို အစိုးရပြန်ဖွင့်နိုင်ရေးအတွက် ဒီနေ့နှောင်းပိုင်းမှာပဲ တင်သွင်းသွားဖို့ ရှိနေပါတယ်။"

အခု၂၀၁၉ခုနှစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံရေးသမိုင်းမှာ အမျိုးသမီးတွေ လွှတ်တော်အမတ်နေရာအများဆုံးရ ယူနိုင်တဲ့နှစ်ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ အမျိုးသမီးလွှတ်တော်အမတ် ၁၀၂နေရာနဲ့ အထက်လွှတ်တော်မှာ ၂၅ နေရာကိုအမျိုးသမီးတွေရယူထားနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG