သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို ကုလ တိုက်တွန်း


ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂဘက်က တိုက်တွန်းပါတယ်။ တချိန်တည်းမှာဘဲ မြန်မာဘက်ကတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မူတွေကို ဆန့်ကျင်နေတာ မဟုတ်ဘဲ အထူးကိုယ်စားလှယ်ကို လူပုဂ္ဂိုလ် အနေနဲ့ ကန့်ကွက်နေတာ လက်မခံတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ မြန်မာ ဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်နဲ့ အစားထိုး ခန့်အပ်ပေးဖို့လည်း မြန်မာဘက်က တောင်းဆိုထားပေမယ့် ဒါက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီပေါ်မှာ မူတည်နေတာပါ။ မသိင်္ဂ ီထိုက် အပြည့်အစုံ တင်ပြပေးပါမယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ အစီရင်ခံ တင်ပြနိုင်ရေး ဒီသတင်းပတ် စတင်လိုက်တဲ့ မြန်မာ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ယန်ဟီးလီကတော့ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် မရဘဲ မြန်မာ ဒုက္ခသည်တွေ တိမ်းရှောင် ခိုလှုံနေရာ ထိုင်းနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကိုဘဲ သွားရောက်ပြီး အချက်အလက် စုဆောင်းနေတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီလီကတော့ မြန်မာ အစိုးရနဲ့ ဆက်ပြီး စေ့စပ်ညှိနှိုင်းသွားနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်း၊ မြန်မာ ပြည်သူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတဝန်းက လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ အစိုးရကို ကုလအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric ကလည်း အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

"လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အကြောင်းပြောရမယ်ဆိုရင်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဖွဲ့စည်းပုံအတိုင်းဘဲ နိုင်ငံတိုင်း အနေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာက ကျနော်တို့ရဲ့ မပြောင်းလဲတဲ့ မူပါ။ အတွင်းရေးမှူးချုပ်ရဲ့ လွတ်လပ်တဲ့ အထူးကိုယ်စားလှယ်က အထူးဘဲ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ နိုင်ငံတိုင်း အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကျနော်တို့ အနေနဲ့ တိုက်တွန်းပါတယ်။ အီရတ်နိုင်ငံမှာ ဆဒန်ဟူစိန် လက်ထက်တုန်းကလည်း သိပ်ပြီး ပြင်းထန်တဲ့ အထူးကိုယ်စားလှယ် အနေနဲ့ ပြည်ဝင်ခွင့် မရခဲ့ဖူးပါဘူး။ သူတို့ အနေနဲ့ တခြား အရင်းအမြစ်တွေကို အခြေခံပြီးတော့ဘဲ အစီရင်ခံခဲ့ကြရတာပါ။ အထူးကိုယ်စားလှယ် အနေနဲ့ သူတို့ကိုယ်တိုင် အခြေအနေတွေကို မြင်တွေ့နိုင်ဖို့ အစိုးရ အပါအဝင် သက်ဆိုင်သူ အားလုံး ပူးပေါင်းဆောင်ရွက်ကြရင် ပိုကောင်းမယ်လို့ ကျနော်တို့ ဘက်ကတော့ ခံယူပါတယ်။ အထူးကိုယ်စားလှယ် အစားထိုးရေးကတော့ လူ့အခွင့်အရေး ကောင်စီ အပေါ်မှာဘဲ မူတည်ပါတယ်။"

ကုလသမဂ္ဂရဲ့ မူတွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက တိုက်တွန်းလိုက်တဲ့ အပေါ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ အခုလို တုံ့ပြန်ပါတယ်။

"အထူးအစီရင်ခံစာတင်သွင်းသူနဲ့ ပူးပေါင်းဆောင်ရွက်တာကို ကျနော်တို့ က ဆန့်ကျင်တာမဟုတ်ဘူး။ လူပုဂ္ဂိုလ်နဲ့ ဆိုင်တယ် အဲဒီတော့ ဒီဟာကို လူသစ်လဲပေးပါဆိုပြီးတော့ ကျနေ်ာတို့က လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌကိုလည်း ကျနော်တို့က ပြောထားပြီးသား။ သူတို့ဟာသူတို့ မလဲတာကတော့ မတတ်နိုင်ဘူးပေါ့နော်။ ကျနော်တို့က မူကို ဆန့်ကျင်ပြီးလုပ်နေတာမဟုတ်ဘူး။ မူကို သူတို့ဆုံးဖြတ်ချက်နဲ့ လူ့အခွင့်အရေးကောင်စီမူကို ကျနော်တို့ လက်ခံတယ် သို့သော် Professor Yanghee Lee အနေနဲ့ သူလုပ်တာဟာ ကျနော်တို့ လက်မခံနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် လူပုဂ္ဂိုလ် အနေနဲ့ သူနဲ့ ဆက်လုပ်လို့မရဘူးဆိုပြီး ဒီလိုရပ်တည်တာပါ။"

အထူးကိုယ်စားလှယ် ယန်ဟီးလီက ဘက်လိုက်တယ်လို့လည်း မြန်မာဘက်က စွပ်စွဲထားတာပါ။ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို ပြောပါတယ်။

"Yanghee Lee လက်ထက် အထူးသဖြင့်ပေါ့ဗျာ ဒီရခိုင်ကိစ္စ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူ့ရဲ့ တင်ပြပုံ၊ သူ့ရဲ့ ရပ်တည်ချက် သူ့အနေအထားက ကျနော်တို့အမြင်မှာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး တဖက်သက် စွပ်စွဲတာတွေ ၊ ပြောဆိုတာတွေက များလာတဲ့အခါကျတော့ ဒါကို ကျနော်တို့ လက်မခံနိုင်တာ ကျနော်တို့ အစိုးရက မပူးပေါင်းမဆောင်ရွက်တာမဟုတ်ဘူး။"

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံ ၁၁ ရက်ကြာ ခရီးစဉ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ တနလာၤနေ့မှာ စတင်ပါတယ်။ ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်နေကြရတဲ့ မြန်မာ ဒုက္ခသည် စခန်းတွေ ရှိရာ ထိုင်းနိုင်ငံကို ၁၄ ရက်နေ့မှာ မစ္စ လီ သွားရောက်မှာ ဖြစ်ပြီး ဒီနောက်မှာတော့ လာမယ့် ၁၉ ရက်နေ့မှာတော့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေရာ ဘင်္ဂလားဒေရှ့် နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ မြို့တော် ဒါကာ အပြင် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရှိရာ ကောဇ့်ဘဇားက ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့လည်း အစီအစဉ်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည် တချို့ကို နေရာချထားပေးဖို့ စီစဉ်နေတဲ့ Bhashan Char ကိုလည်း သွားရောက်မယ့် အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ခရီးစဉ် အဆုံး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ ဒါကာ မြို့တော်က Ascott Residence ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။

အခု ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကိုတော့ ကုလ အထူးကိုယ်စားလှယ်က လာမယ့် မတ်လ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး ယန်ဟီးလီ အနေနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကတည်းက မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်က စလို့ မြန်မာ့ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ မစ္စ ယန်ဟီးလီက မြန်မာနိုင်ငံကို ၆ ကြိမ် သွားရောက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG