သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ်တင်ပြဖို့ ရိုဟင်ဂျာတွေ ပြင်ဆင်


၂၀၁၈ နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒပြစဉ်
၂၀၁၈ နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒပြစဉ်

မြန်မာနိုင်ငံထဲမှာ ဆိုးဆိုးရွားရွား သူတို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီလီကို သက်သေအထောက်အထားနဲ့တကွ တင်ပြနိုင်ရေး ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ မြန်မာပြည်ဝင်ခွင့်ပိတ်ထားတဲ့အတွက် လူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီ သွားရောက်တွေ့ဆုံရတာဖြစ်လို့ ဒီလိုပိတ်ပင်တားဆီးတာမျိုးမလုပ်ပဲ မြန်မာအစိုးရအနေနဲ့ ကုလနဲ့ အပြုသဘောဆောင် ပူးပေါင်းလက်တွဲသင့်တယ်လို့ အကဲခတ်တွေက အကြံပေးပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံ ၁၁ ရက်ကြာ ခရီးစဉ် ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ တနလာၤနေ့မှာ စတင်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်နေကြရတဲ့ မြန်မာ ဒုက္ခသည်တွေ ခိုလှုံရာ ဒုက္ခသည်စခန်းတွေ ယန်ဟီးလီ လာရောက်လေ့လာဖို့ရှိတယ်လို့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။ ထိုင်းခရီးစဉ်ပြီးရင်တော့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ မစ္စယန်ဟီလီဟာ ဘင်္ဂလားဒေရှ့် နိုင်ငံ မြို့တော် ဒါကာ အပြင် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရှိရာ ကောဇ့်ဘဇားက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့လည်း အစီအစဉ်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ကြေညာထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ ဒုက္ခသည်စခန်းတွေကို လာရောက်ချိန် မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြား သူတို့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ သက်သေအထောက်အထားတွေ၊ ကြုံခဲ့ရတဲ့ ကာယကံရှင်မိသားစုတွေဘက်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တင်ပြနိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံက သူတို့တင်ပြဖို့ ပြင်ဆင်နေတာတွေကို အခုလိုရှင်းပြပါတယ်။

"လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကိုလာရောက်ဖို့ အစီအစဉ်ရှိတယ်ဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ ကျနော်တို့ ဒုက္ခသည်တွေက မစ္စ ယန်ဟီးလီ လာတဲ့အချိန်မှာ ကျနော်တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကို ကျနော်တို့ အသေးစိတ်တင်ပြဖို့ ရှိပါတယ်။ နောက်ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သက်သေအထောက်အထားတွေ ကျနော်တို့ ဒီမှာ စုဆောင်းတာရှိတယ်။ သူလာတဲ့အချိန်မှာ ကျနော်တို့က အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တင်ပြဖို့ရှိတယ်။ နောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ တရားမျှတမှုရရှိဖို့လည်း ကျနေ်ာတို့ဆက်ဆွေးနွေးဖို့ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးကောင်စီမှာ ကျနော်တို့အရေးကိစ္စကို ထိထိရောက်ရောက် ဆွေးနွေးသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

မြန်မာ အစိုးရဘက်ကတော့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတွေဟာ မှန်ကန်မှုမရှိဘူး တဖက်သတ် ဆန်တယ်လို့ ပြောဆိုထားပြီး ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ ဆုံးဖြတ်ထားသလို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကတည်းက ပြည်ဝင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီလီကတော့ မြန်မာ အစိုးရနဲ့ ဆက်ပြီး စေ့စပ်ညှိနှိုင်းသွားနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်း၊ မြန်မာ ပြည်သူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတဝန်းက လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထက်မှာ အခုလို နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဝေဖန်ထောက်ပြနေကြရတာ၊ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပိတ်တာ ဆိုးဝါးလွန်းနေပြီး အာဏာရှင်ခေတ်ကို နောက်ပြန်ဆုတ်သလိုဖြစ်နေပြီလို့ မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာအကဲခတ်နေတဲ့ ဒေါက်တာခင်ဇော်ဝင်းက ဝေဖန်လိုက်ပါတယ်။

"ကိုယ့်ဘက်က ပိတ်ထားတဲ့အခါကျတော့ သူက ရတဲ့နေရာကို သွားမှာပဲလေ။ ရတဲ့နေရာက သတင်း၊ အချက်အလက်တွေကို ယူမှာပဲ။ အဲလိုမျိုးလုပ်တယ်ဆိုကတည်းကိုက ကိုယ့်ဘက်က ရှုံးနေပြီ။ အမှန်ဆိုဖြစ်သင့်တာက နိုင်ငံတနိုင်ငံ ၊ အစိုးရတခုကို ဦးဆောင်မယ်ဆိုရင် ဒီလို ပုဂ္ဂိုလ်မျိုးတွေကို ကိုယ့်နိုင်ငံကိုခေါ်ပြီးတော့ ကိုယ့်ဘက်က တင်ပြချက်ကိုလည်း ကိုယ်ကတင်ပြ။ အခုတော့ ကိုယ်က ပိတ်ထားတဲ့အခါကျတော့ ယန်ဟီလီ တင်မကဘူး အပြည်ပြည်ဆိုင်ရာ အချက်အလက် စုံစမ်းရေးအဖွဲ့ IFFM ကလည်း ရတဲ့နေရာကို သွားမှာပဲ။ ယန်ဟီလီဆိုတာကလည်း မနေ့တနေ့ကမှ ပေါ်လာတဲ့ ပုဂ္ဂိုလ်တယောက်မဟုတ်ဘူး သူလုပ်နေတာကြာပြီ။ ဆိုတဲ့အခါကျတော့ ဟိုအရင်က နဝတ၊ နအဖ ခေတ် ဗိုလ်နေဝင်းခေတ်ကို ပြန်သွားနေတာပဲ ခေတ်ကပြောင်းပြန်သွားနေတာ။ မြန်မာနိုင်ငံအနေနဲ့ အရမ်းနာပါတယ်။"

မြန်မာအစိုးရအနေနဲ့ ကုလနဲ့အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း သူက အကြံပြုပါတယ်။ ယန်ဟီလီဟာ သူ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည် တချို့ကို နေရာချထားပေးဖို့ စီစဉ်နေတဲ့ Bhashan Char ကျွန်းကိုလည်း သွားရောက်မယ့် အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ခရီးစဉ် အဆုံး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ ဒါကာ မြို့တော်က Ascott Residence ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။ အခု ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကိုတော့ ကုလ အထူးကိုယ်စားလှယ်က လာမယ့် မတ်လ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG