သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြန်လက်ခံရေး အစီအစဉ် မရေရာသေး


ရိုဟင်ဂျာဒုက္ခသည်များ
ရိုဟင်ဂျာဒုက္ခသည်များ

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ပြန်စနိုင်ဖို့ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို အကြောင်းကြားထားပေမယ့် ခုချိန်ထိအကြောင်းမပြန်သေးဘူးလို့ မြန်မာအစိုးရဘက်ကဆိုပါတယ်။ မကြာသေးခင်က ဘင်္ဂလားဒေ့ရ်ှ ဖက်က ထပ်မံ ပေးပို့ ထားတဲ့ ဒုက္ခသည် ၂ သောင်းကျော် စာရင်းမှာ လိုအပ်ချက်တွေရှိနေတာတွေ ပြန်တောင်းခံထား တာကိုလည်း ပြန်လည်ဖြည့်စွက် ပေးပို့တာမရှိသေးဘူးလို့လဲ ဆိုပါတယ်။ ၂သောင်းကျော် စာရင်းထဲက အယောက် ၆၀၀ကျော် စိစစ် ထားပြီး ဖြစ်တယ်လို့ မြန်မာအစိုးရက ပြောပေမယ့်၊ ဒီ ဒုက္ခသည် တွေ နေရပ်ပြန်ရေး ဘယ်တော့ ပြန်စနိုင်မလဲဆိုတာ မရေမရာရှိနေတုန်းပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလကတုန်းက ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ပထမဆုံးအကြိမ် စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက် က ရွေးကောက် ပွဲကြောင့်လည်း အစီအစဉ် ပြန်စရေး နှောင်းနှေးနေ ပါတယ်။ မြန်မာဖက်ကတော့ ဒုက္ခသည်လက်ခံရေးအစီအစဉ်ပြန်စဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးစိုးဟန်က ပြောပါတယ်။

“ သူတို့ဘက်က ရွေးကောက်ပွဲပြီးပြီမို့ မနေ့က ကျနော်တို့ဆီက အမြဲတန်းအတွင်ဝန်က ဘင်္ဂလား ဒေရှ်သံအမတ်ကိုခေါ်ဆွေးနွေးပါတယ်။ သူတို့ရွေးကောက်ပွဲတွေပြီးပြီမို့ ပြန်လုပ်ငန်းစဖို့ မနေ့ကလည်း ပြောပါတယ်။ပုံမှန်အားဖြင့်တော့ Heard Quarter ကိုတင်ပေးရဦးမှာပေါ့။ သူကတော့ အထက်ကို တင် ပြမယ်လို့ပြောသွားတယ်”

ဘင်္ဂလားဒေ့ရှ်ဘက်က မကြာသေးခင်တုန်းက ပေးပို့ထားတဲ့ ဒုက္ခသည် လူ ၂ သောင်းကျော် စာရင်းထဲက အယောက် ၆၀၀ကျော်ကို အပြီးသတ်စိစစ်ပြီးပြီလို့လည်း သူကဆိုပါတယ်။

“ဒီကြားထဲမှာလဲ သူတို့ဘက်ကထပ်ပေးထားတာ ၂သောင်း ၅ထောင်ကျော်ရှိတယ်။ အဲထဲမှာ ၆၀၃ ယောက်ကို စစ်ပြီးသွားပြီ။ စစ်ပြီးသားစာရင်းတွေကိုလည်းမနေ့က သံမှုးနဲ့တခါထဲပေးလိုက်တယ်။ ကျ နော်တို့ပြန်လည်လက်ခံရေးလုပ်ဖို့ ကျနော်တို့ ကော်မစ်လုပ်ထားတာပေါ့။ ရထားတဲ့သဘောတူညီ ချက်အရ ကျနော်တို့ ပုံမှန်ဆက်လုပ်နေတာပေါ့လေ”

ဒီ စာရင်းပေးပို့တာတွေမှာ နှစ်နိုင်ငံ သဘောတူထားတဲ့အချက်တွေ ပါမလာတာတွေရှိပြီး ဒါတွေကို ပြီးခဲ့တဲ့ နှစ်ထဲက ပြန်လည်တောင်းခံထားပေမယ့် ခုချိန်ထိ ဘင်္ဂလားဒေရှ့်ဘက်က ပြန်ပေးပို့တာမရှိသေးဘူးလို့ လည်း ဦးစိုးဟန်ကဆိုပါတယ်။ ဒုက္ခသည် နေရပ်ရင်း ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုုပ်ဆိုခဲ့တာ အခုဆို တနှစ်နီးပါး ရှိပါတော့မယ်။နိုဝင်ဘာ တုန်းက ပြန်လည်လက်ခံရေး ပထမဆုံးလုပ်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒီနောက်ပိုင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကသူတို့နိုင်ငံတွင်း ရွေးကောက်ပွဲရှိနေတာကြောင့် ရွေး ကောက်ပွဲ အပြီးမှ ပြန်လုပ်ဖို့ ပြောထားတာကြောင့် ၂၀၁၉ ဇန်နဝါရီလအတွင်းမှ ပြန် လုပ်ဆောင်နိုင်ဖို့ လျာထား ခဲ့ပေမယ့် အခုချိန်မှာ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ဘယ်တော့စမလဲ သေချာမပြော နိုင်သေး ဘူးလို့ မြန်မာအစိုးရ ဘက်ကဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို စီစစ်လက်ခံသွားဖို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ရော ကုလသမဂ္ဂ နဲ့ပါ သဘောတူစာချုပ်တွေ ထိုးခဲ့ပေမယ့် နိုဝင်ဘာလ ပြန်လည် လက်ခံရေး အစီအစဉ်မှာတော့ မြန်မာ ဖက်က ကုလသမဂ္ဂနဲ့ ညှိုနှိုင်းမှု မရှိခဲ့သလို၊ ဒုက္ခသည်တွေ နေရပ်ပြန်လောက်တဲ့အခြေအနေမဖြစ်သေးဘူးလို့ ကုလသမဂ္ဂက အဲဒီတုန်းက တုန့်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေး မှုးချုပ် ဦးချမ်းအေးက တော့ပြန်လည် လက်ခံရေးပိုင်းမှာ ဘင်္ဂလားဒေရှ့်နိုင်ငံလို လက်မှတ်ရေးထိုးထားတဲ့ အတိုင်း နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

“ကုလသမဂ္ဂနဲ့ UNHCR တို့နဲ့လက်မှတ်ထိုးထားတာကလက်မှတ်ထိုးထားတာရှိတယ်။ ပြီးခဲ့တဲ့နှစ် ဇွန် ၆ရက်နေ့ ၂၀၁၈ထဲကပေါ့ UNHCR နဲ့ UNDP တို့နဲ့ထိုးထားတာက ဘင်္ဂလားဒေရှ့်နဲ့ ကျနော်တို့ပူးပေါင်း ဆောင်ရွက်မှုလုပ်တဲ့ ပြန်လည်လက်ခံရေးပိုင်းကိုကူညီလုပ်ကိုင်ပေးဖို့ပါ။ အဲဒါကြောင့်မ်ု့လည်း သူတို့ကို ကျနော်တို့ ရခိုင်ပြည် နယ် ဘူးသီးတောင်မောင်တော မှာရှိတဲ့ ကျေးရွာတွေကို သွားပြီး ကျနော်တို့က အကဲဖြတ်ခွင့် လွတ်လွတ် လပ်လပ်လုပ်ခွင့်ပေးတာ ခုဆို တတိယ အကြိမ်ရှိပါပြီ။ ပထမနဲ့ဒုတိယ ကျေးရွာပေါင်း ၅၀ကျော်ပြီးသွားပြီ တတိယက လုပ်နေပြီ။ ၁၆ ရွာပေါ့နော်။ ပထမအဆင့်မှာ ပရောဂျက် ၃၅ခုခွင့်ပြုထားတယ်။”

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်ဘက် အာဏာပိုင်တွေကတော့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်လို့ ပြောနေပေမယ့် တိတိကျကျ ဘာမှ မရှိသေးပါဘူး။

တချိန်တည်းမှာပဲ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မှာ လုံခြုံရေးရဲကင်းတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် ဒေသတွင်းလုံခြုံရေး စိုးရိမ်စရာတွေ ရှိနေပြီး၊ စစ်ဆင်ရေးတွေဖြစ်လာမယ် အနေအထားတွေလည်း ရှိနေတာမို့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ မရေမရာဖြစ်နေတယ်လို့ ပြောရမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG