သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာမိသားစုတစု အိန္ဒိယမှ မြန်မာထံလွဲှပြောင်း


ရိုဟင်ဂျာမိသားစုတစု အိန္ဒိယမှ မြန်မာထံလွဲှပြောင်း
ရိုဟင်ဂျာမိသားစုတစု အိန္ဒိယမှ မြန်မာထံလွဲှပြောင်း

အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာမူဆလင် ၅ ဦးပါ မိသားစုတစုကို နိုင်ငံတွင်း တရားမဝင် ရောက်နေသူတွေအဖြစ် ဒီကနေ့ပဲ အိန္ဒိယအာဏာပိုင်တွေက မြန်မာတာဝန်ရှိသူတွေထံ လွဲှပြောင်းပေးလိုက်ပါတယ်။

ဒီနေ့ပြန်ပို့ခံလိုက်ရတဲ့ ကလေး ၃ ယောက်နဲ့ မိသားစုဟာ တရားဝင် အထောက်အထားမရှိပဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်က အာသံပြည်နယ်မှာ ၂၀၁၄ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတာပါ။ ရိုဟင်ဂျာ မိသားစုကိုတော့ ၂ နိုင်ငံ နယ်စပ်မှာပဲ မြန်မာတာဝန်ရှိသူတွေထံ လွဲှပြောင်းပေးလိုက်ကြောင်းလည်း အာသံပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသူတွေကို နှိမ်နင်းတဲ့ ၄ လကြာ အစီအစဉ်အတွင်း ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဘက် ပြန်လည်လွဲှပြောင်းတာ ဒါဟာ ဒုတိယအကြိမ်ပါ။ မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် အာသံပြည်နယ်မှာပဲ ဖမ်းဆီးထားတဲ့ လူ ၂၀ ကိုလည်း မြန်မာအာဏာပိုင်တွေထံ လွဲှပြောင်းပေးမှာဖြစ်ကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောဆိုပေမဲ့ ဒီလူတွေဟာ ရိုဟင်ဂျာတွေ ဟုတ်မဟုတ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာတုန်းကလည်း ရိုဟင်ဂျာ အမျိုးသား ၇ ယောက်ကို မြန်မာအာဏာပိုင်တွေထံ လွဲှပြောင်းပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ ရှင်းလင်းရာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ရှိနေပြီး၊ ဒီလူတွေ ဘေးအန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်အောင် စီစဉ်ဖို့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာအစိုးရကို တိုက်တွန်းနေကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင်အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG