သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေဥပြင်ဆင်မှုအဆိုကိစ္စ ဒေါက်တာ အင်ဒရူးနဲ့ မေးမြန်းချက်


Dr. Andrew Ngun Cung Lian on current situation of amending the constitution
Dr. Andrew Ngun Cung Lian on current situation of amending the constitution

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ NLD ပါတီဘက်ကနေ ပြည်ထောင်စု လွှတ်တော်တွင်း ပထမဆုံးအကြိမ်အဖြစ် စတင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ အဲဒီနေ့က လွှတ်တော်တွင်း ဖြစ်ပျက်သွားတဲ့ အခြေအနေအပေါ် သုံးသပ်ချက်၊ ရှေ့ဆက်ဖြစ်လာနိုင်တဲ့အလားအလာ၊ ဘယ်ဥပဒေ ဘယ်ပုဒ်မတွေကို လက်တွေ့ပြုပြင်သင့် ပြုပြင်နိုင်ခြေရှိသလဲ စတာတွေနဲ့ပတ်သက်ပြီး အခြေခံဥပဒေရေးရာကျွမ်းကျင်သူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်ကို ရန်ကုန်မြို့ မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း။ ။ အင်္ဂါနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဖြစ်သွားတဲ့အခြေအနေပေ့ါ အဲဒီမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း NLD ဘက်က ဒီလိုတင်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူး။လုပ်ထုံးလုပ်နည်းအတိုင်းတင်ပါလို့ ပြောတယ်။ ဒါပေမယ့် လွှတ်ာတော် နာယက ဆက်ပြီးတော့ ခွင့်ပြုတယ် မဲခွဲတဲ့အဆင့်တွေရောက်သွားတယ် ။ ဆိုတော့ ဒီနေရာမှာ ကျနော်တို့ မြန်မာလူထုပရိတ်သတ် ရှင်းရှင်းလင်းလင်းသိအောင် ရှင်းပြပေးစေချင်တာက ဘယ်သူကမှန်သလဲ လုပ်ထုံးလုပ်နည်းတင်တဲ့အပိုင်းနဲ့ ပတ်သက်ရင်။

ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်။ ။ လုပ်ထုံးလုပ်နည်းတင်တဲ့ဟာထက် ဒီအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာက NLD ပါတီ တခုတည်းကိစ္စမဟုတ်ဘူး။ USDP ပါတီ ကိစ္စလည်းမဟုတ်ဘူး။ တိုင်းရင်းသားပါတီ ကိစ္စလည်းမဟုတ်ဘူး။ တနိုင်ငံလုံးနဲ့ မြန်မာနိုင်ငံသားတွေအားလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်။

အဲဒီတော့ အဲဒီအခြေခံကနေ စဉ်းစားမယ်ဆိုရင် ဒါမျိုးက သီးခြားတင်ပြီးတော့ ဘာကြောင့်ပြင်ချင်တယ်။ ဘယ်ပုဒ်မကို ပြင်ချင်တယ် အဲလိုပြင်နိုင်ဖို့အတွက် ဘယ်ကော်မရှင်ကိုဖွဲ့သင့်တယ်ဆိုတာက ကြိုပြီးတော့ ပြောထားဖို့လိုတယ်လို့ ထင်တယ်။ ဒါပေမယ့် မနေ့ တနေ့က သူတို့ လုပ်လိုက်တဲ့ ကိစ္စမှာတော့ hijack လုပ်သွားတာပေါ့နော် အခွင့်အရေးယူပြီးတော့ ငါတို့ တင်လို့ရတဲ့ ၂၀ ရာခိုင်နှုန်း ထောက်ခံတယ်ဆိုပြီးတော့ ဗြန်းတိုင်းအဆိုနဲ့ အရေးပေါ်တင်လိုက်တော့ တင်တာတော့ မှားတယ်လို့မပြောဘူး ဒါပေမယ့် အဲလိုမလုပ်သင့်ဘူးလို့တော့ ကျနော်ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုပြီးတော့ ညှိနှိုင်းပါ ၊ ကော်မတီတွေ ကော်မရှင်တွေမှာလည်း အကုန်လုံး ညှိနှိုင်းပါ။ တပ်မတော်နဲ့လည်း ညှိနှိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက တပ်မတော်ဥပဒေမဟုတ်ဘူး။ NLD ဥပဒေလည်းမဟုတ်ဘူး အားလုံးနဲ့ ဆိုင်တဲ့ဟာဖြစ်တယ်။ အဲဒီတော့ အားလုံးနဲ့ ညှိနှိုင်းပြီးတော့ လုပ်ရင် မှန်မယ်လို့ထင်တယ်။

ကိုကျော်ကျော်သိန်း။ ။အဲဒီတော့ မဲခွဲတဲ့အခါကျတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ထောက်ခံမဲလည်းမပေးဘူး ဒါကတော့ရှင်းတယ် ဒါပေမယ့် ကန့်ကွက်မဲလည်းမပေးဘူး။ ကြားနေ မဲလည်းမပေးဘူး။ လုံး၀ မဲမပေးပဲနေသွားတယ်။ အဲဒီအပေါ်မှာရော ကျနော်တို့ ဘယ်လိုနားလည်လို့ရမလဲ။

ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်။ ။ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် အဲဒါမျိုး မတ်တပ်ရပ်ပြီးတော့ ကန့်ကွက်ပြီးတော့ မဲမပေးတာမျိုးတွေက ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ လွှတ်တော်နဲ့တော့ မဖြစ်သင့်ဘူးလို့တော့ထင်တယ် မကြိုက်ရင် ကန့်ကွက်မဲပေးပါ။ အဲဒီစရင်းထဲပေါ်လာတာနဲ့ ထောက်ခံမဲက ဘယ်လောက် ၊ ကန့်ကွက်မဲက ဘယ်လောက် အဲဒီမှာလည်းသိတာပဲ ဒါပေမယ့် ကန့်ကွက်မဲလည်းမပေး ဘာမှ မပေးပေမယ့် ဟိုမှာစာရင်းထွက်လာတော့ ကြားလူက ဘယ် နှစ်ယောက် ၊ မထောက်ခံတဲ့လူက ဘယ်နှစ်ယောက် အဲလိုမျိုးက ကျနော်တို့လို ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာ သိပ်ပြီးတော့ မဖြစ်သင့်ဘူးလို့ထင်တယ်။ ကျနော်ကတော့ မကြိုက်ရင် ကန့်ကွက်မဲပေးတယ်၊ ခလုတ်ကို နိတ်လိုက်ပါ။ ဟုတ်တယ် အဲဒီ ခလုတ်နိတ်တာ ဘယ်သူတွေလဲ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မကြိုက်ဘူး အဲဒါပေါင်း၊ နောက်ပြီး တချို့လူတွေ မကြိုက်ဘူး အဲလိုမျိုးဖြစ်သင့်တယ်လို့ထင်တယ်။ မဲမပေးပဲနဲ့ ဆန့်ကျင်ပြီးတော့ ဆန္ဒပြတဲ့ ပုံစံမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။

ကိုကျော်ကျော်သိန်း။ ။ ဆိုတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က အဲဒီနေ့က အဲလိုမျိုး မတ်တပ်ရပ်ပြီးကန့်ကွက်တယ် နောက်ဆုံးမဲမပေးပဲ နေသွားတယ်။ အခုက တင်ထားတာက ပူးပေါင်းကော်မတီဖွဲ့ ရေးပေါ့နော် အဲဒီအဆိုကို တင်ထားတာပေါ့နော်။ ဒီအဆိုကို ဆွေးနွေးကြတော့မယ်။ ဆိုတော့ တပ်က ဒီဟာတင်တာကိုပဲ ကန့်ကွက်ထားတယ်။ ဖွဲ့စည်းပုံပြင်ရေးကို မကန့်ကွက်ဘူး။ ဒါ ရှင်းရှင်းလင်းလင်းပြောထားပြီးသား။ ဒါပေမယ့် ဒီလိုတင်တာကို ကန့်ကွက်တယ်ဆိုတဲ့အခါကျတော့ ပထမဦးဆုံးအဆင့်ဖြစ်တဲ့ ကော်မတီဖွဲ့ဖို့ လွှတ်တော်က ကျပြီးဆိုရင်တောင် တပ်ကိုယ်စားလှယ်တွေပါနိုင်ပါ့မလား၊ ပါရော ပါသင့်တယ်လို့ ယူဆပါသလား။

ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်။ ။ ကျနော့်အမြင်မှာတော့ တပ်မတော်ဘက်က ကန့်ကွက်တယ်ဆိုတာက အခြေခံဥပဒေ ပြင်ဆင်ဖို့ကို ကန့်ကွက်တာမဟုတ်ဘူး။ နံပတ် ၂ ဒီဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုတာကို သူတို့က ကန့်ကွက်တယ်။ အဲဒီ ၂ ချက်မှာ သူတို့က ရပ်တာ တဖက်ကလည်း NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ချင်တယ်ဆိုရင် ခုနသူတို့ပြောတဲ့ ကော်မတီ ကော်မရှင်ဖွဲ့သင့်တယ်ဆိုတာက ကျနော့်အနေနဲ့ သူတို့က မှန်တယ်။ ဒါပေမယ့် ကြိုပြီးတော့ မညှိပဲနဲ့ ဒီလိုဟာမျိုးလုပ်တာက မလုပ်သင့်ဘူးလို့ ကျနော်ထင်တယ်။ အဲဒီတော့ ဒီကော်မရှင်ဖွဲ့တဲ့အချိန်မှာ တပ်မတော်သားလည်းပါရမယ်၊ တိုင်းရင်းသားတွေ ပါရမယ် NLD တွေပါမယ်။ USDP လည်းပါရမယ် တခြားတသီး ပုဂ္ဂလတွေလည်း ပါရမယ်။ အဲဒါမျိုး ညှိပြီးတော့မှ လွှတ်တော်ထဲ တင်လာတယ်ဆိုရင် အဲဒါနိုင်ငံအတွက်အကောင်းဆုံးလို့ ယူဆပါတယ်။

အဲဒါကတော့ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်နဲ့ တွေ့ဆုံမေးမြန်းခန်း တပိုင်းတစဖြစ်ပြီး ဒီအင်တာဗျူး အပြည့်အစုံကို ဗွီအိုအေရဲ့ တနင်္ဂနွေနေ့ညပိုင်းမှာ ထုတ်လွှင့်မယ့် မြန်မာ့ရေးရာဆွေးနွေးခန်းမှာလည်း အပြည့်အစုံ စောင့်မျှော် နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်
ဖွဲ့စည်းပုံပြင်ဆင်ရေး ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန် အမြင်
please wait

No media source currently available

0:00 0:16:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG