သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tiananmen ဖြစ်ရပ်ကို မျိုးဆက်သစ် တရုတ်လူငယ်တွေ သိကြရဲ့လား


Tiananmen ဖြစ်ရပ်
Tiananmen ဖြစ်ရပ်

၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံမှာ Tiananmen အရေးအခင်းလို့ လူသိများတဲ့ လူထုဆန္ဒပြကြီး ဖြစ်ပွားခဲ့တာမှာ နှစ်ပေါင်း ၃၀ ပြည့်အခမ်းအနား ဒီ တစ်ပတ်ထဲမှာ ကျရောက်ခဲ့ပါတယ်။ တရုတ်အစိုးရက တင့်ကားတွေ အသုံးပြုတဲ့အထိ ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တဲ့ ဒီ ဆန္ဒပြပွဲမှာ လူပေါင်း ရာချီ ဒါမှမဟုတ် ထောင်ချီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဟောင်ကောင်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဒီ ဆန္ဒပြပွဲ အမှတ်တရ အခမ်းအနားတွေကို ကျင်းပခဲ့ပေမယ့် တရုတ် ကွန်မြုနစ် ပါတီ ကျောထောက်နောက်ခံ ဆင်ဟွာ၊ ပြည်သူ့ နေ့စဉ်၊ Global Times နဲ့ CCTV သတင်းဌာနကြီး တွေမှာ ဒီ အကြောင်း ဘာမှာ ဖော်ပြထားတာ မရှိပါဘူး။ ဒီလို နှစ် ပေါင်း ၃၀ ကြာ ပိတ်ပင်ခံထားရတဲ့ အဖြစ်အပျက်ကို တရုတ်လူမျိုးဆက်တွေ ဘယ်လို သိကြရသလဲ ဆိုတဲ့အကြောင်း ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

တရုတ်နိုင်ငံအတွင်း နိုင်ငံရေး လွတ်လပ်ခွင့် ပိုမို ရရှိဖို့ တရုတ် ကျောင်းသားတွေ ဦးဆောင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ Tiananmen အဖြစ်အပျက်လို့ လူသိများခဲ့ပါတယ်။ ၁၉၈၉ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ စတင်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ တရုတ်အစိုးရက တင့်ကားတွေ အသုံးပြုတဲ့အထိ အင်အား အလွန်အကျွန် သုံး နှိမ်နင်းခဲ့လို့ ဆန္ဒပြ ကျောင်းသား ပြည်သူတွေ ရာချီ ဒါမှမဟုတ် ထောင်ချီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ Tiananmen အဖြစ်အပျက် ပြီးဆုံးခဲ့တာ ဒီတစ်ပတ်ထဲမှာ နှစ် ၃၀ တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ တရုတ်နိုင်ငံအတွင်း မီဒီယာ တွေကတော့ ဒီ သတင်းကို နှစ်စဉ်နှစ်တိုင်း အမှောင်ချထားခဲ့ပါတယ်။ ဒီလို နှစ် ၃၀ ပိတ်ပင်ခံထားရတဲ့ ဖြစ်ရပ်အကြောင်း တရုတ် မျိုးဆက်သစ် လူငယ်တွေ ဘယ်လို သိကြသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဝါရှင်တန်မြို့ Johns Hopkins တက္ကသိုလ်က အသက် ၂၇ နှစ်အရွယ် ဘွဲ့လွန် တရုတ် ကျောင်းသား Yufan Huang က အခုလို ပြောပါတယ်။

“ ကျွန်တော် အသက် ၁၀ နှစ်အရွယ်မှာ ကျွန်တော့် မေမေက အရေးကြီးတာ တစ်ခု ပြစရာရှိတယ်ဆိုပြီး Documentary တစ်ခုကို ပြပါတယ်။ မေမေက ဘာ ဝေဖန်ချက်မှ မပေးသလို ဒီ အကြောင်းကို ရှင်းပြတာလည်း မရှိပါဘူး။ ဒါကြောင့် ကျွန်တော် ဒီ အကြောင်း ကောင်းကောင်း နားမလည် ခဲ့ပါဘူး။ ဒါပေမဲ့ ကောလိပ် တက်တဲ့အခါကျမှ စိတ်ဝင်စားစရာ ကောင်လွန်းလို့ internet နဲ့ စာအုပ်တွေကနေ မရပ်မနား လေ့လာ ခဲ့ပါတယ်။”

ကြီးမား ကျယ်ပြောလှတဲ့ တရုတ်နိုင်ငံအတွင်း ဒီ သမိုင်းဝင် ဖြစ်ရပ်ကို သူ့လို နှိုက်နှိုက်ချွတ်ချွတ် လေ့လာလို့ သိရသူတွေ ရှိသလို အပေါ်ယံသာ သိသူတွေလည်း အများကြီး ရှိကြောင်းနဲ့ ဒီ အကြောင်း လုံး၀ မသိရှိသလို အရေးမထားကြသူတွေလည်း ရှိကြောင်း သူ့ရဲ့မျိုးဆက်အတွင်း ကွဲပြားတဲ့ လူငယ် အုပ်စု (၃) စုအကြောင်း အခုလို့ ပြောပြပါတတယ်။

“ ကျွန်တော့် အနေနဲ့ အုပ်စု ၃ စုကို ခွဲပြီး ပြောချင်ပါတယ်။ ပထမ အုပ်စုက ကျွန်တော့်လိုပေါ့။ ကျွန်တော်တို့က ဆန္ဒပြ ကျောင်းသားတွေအပေါ် စာနာမိတယ်။ သူတို့က တိုင်းပြည်ကောင်းဖို့ အတွက် လုပ်ခဲ့တာပဲလို့ ယူဆတယ်။ ဒုတိယ အုပ်စုကတော့ ဒီ အကြောင်း အပေါ်ယံသာ သိပြီး အစိုးရ ပြောတဲ့အတိုင်း ခံယူထားတဲ့သူတွေ။ ဒီ အဖြစ်အပျက်ကို ပြည်ပက ကြိုးကိုင် ခဲ့တယ်လို့ ယုံကြည်ကြတယ်။ အဲဒီ အုပ်စုက အကြီးဆုံး။ တတိယ အုပ်စုကတော့ ဒီ အကြောင်း သိလည်း မသိဘူး၊ ဂရုလည်း မစိုက်ဘူး။”

၁၉၈၉ ဒီ ဆန္ဒပြမှုကို တရုတ်အစိုးရက နှိမ်းနင်းခဲ့ အဖြစ်အပျက်အပေါ်မှာ သူက အစိုးရဘက်က အင်အား အလွန်အကျွံ သုံးခဲ့တယ်လို့ ယုံကြည်ပြီး ကျောင်းသားတွေအနေနဲ့ အစိုးရကို ဖြုတ်ချဖို့ အထိ မရည်ရွယ်ကြောင်း၊ ကျောင်းသားတွေကို သတ်ဖြတ်တဲ့အထိ အင်အား အလွန် မသုံးသင့်ကြောင်း အခုလို ပြောပါတယ်။

“ ကျောင်းသားတွေက အစိုးရကို ဖြုတ်ချဖို့ ဆန္ဒပြတယ်လို့ မထင်ပါဘူး။ အကြမ်းဖက် နိမ်နင်းခဲ့တာ မှားခဲ့တယ်ဆိုပြီး ဝန်ခံရင်လည်း အစိုးရကို ထိခိုက်မှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့ သူတို့ကိုယ် သူတို့ ယုံကြည်မှုပို ရှိသင့်ပါတယ်။ ဆန္ဒပြပွဲကြောင့် တရုတ်နိုင်ငံ ပြိုကွဲပြီး ဆိုဗီယက် ယူနီယံလို ဖြစ်လိမ့်မယ် လို့ အစိုးရက ဆင်ခြေပေးပါတယ်။ ဒါဟာ လုံး၀ မမှန်ပါဘူး။ အဲဒီ ဆင်ခြေပေးပြီးတော့ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့ပါတယ်။ ကျောင်းသားတွေ သတ်ဖြတ်ပြီးမှ ဆန္ဒပြပွဲကို အဆုံးသတ်နိုင်တာ မဟုတ်ပါဘူး။”

ကျောင်းသားတွေကို ရာ ထောင်နဲ့ချီ အသက်သေဆုံးခဲ့တဲ့ Tiananmen အဖြစ်အပျက် တရုတ်ပြည်တွင်း အမှောင်ချထားတဲ့နဲ့ ပတ်သက်ပြီး Stimson Center က သုတေသီ Yun Sun က အခုလို ပြောပါတယ်။

“ နှစ်တိုင်း ဒီ အချိန်ဟာ အကဲဆတ်တဲ့ အချိန် ဖြစ်သလို စိတ် တုန်လှုပ်ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီ အဖြစ်အပျက်အတွင်း တိတိကျကျ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောပြဖို့ ပြည်တွင်းရော ပြည်ပမှာပါ တရုတ်အစိုးရကို တောင်းဆို နေတာပါ။ တရုတ်အစိုးရဘက်က တစ်စုံတစ်ရာ ရှင်းလင်းလိမ့်မယ်လို့ ကျွန်မကတော့ မထင်ဘူး။ သူတို့က သမိုင်းဖြစ်ရပ်ထက် လက်ရှိ အခြေအနေ ကို ပိုပြီး အာရုံစိုက်နေကြပါတယ်။ တရုတ်အစိုးရအတွက် တည်ငြိမ်မှုက အရေးကြီးဆုံးလို့ သတ်မှတ်ထားပါတယ်။ သူတို့ အနေနဲ့ မတည်မငြိမ် မှုကို ဖြစ်ပေါ်စေမယ် အရာ နည်းနည်းကိုမှ မရှိစေချင်ပါဘူး။”

တရုတ်အစိုးရအနေနဲ့ ဒီ့ထက်ပို ယုံကြည်မှု ရှိသင့်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Yun Sun က အခုလို ဆက်ပြောပါတယ်။

“ တရုတ် အစိုးရ ကိုယ့်ကိုယ်ကို သည့်ထက်ပို ယုံကြည်မှု ရှိသင့်တယ်လို့ ကျွန်မတို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို သိပ် ယုံကြည်မှု ရှိတဲ့ အစိုးရတောင် အမှား လုပ်တာတိုင်းကို လိုက်ပြီး ရှင်းလင်း ဝန်ခံ နေဖို့တော့ မရှိပါဘူး။ တရုတ် ကွန်မြူနစ် အစိုးရ လက်ထက်မှာ ယဉ်ကျေးမှု တော်လှန်ရေးလို တစ်ခြား အမှားတွေ လုပ်ခဲ့တာပါပဲ။”

တရုတ်အစိုးရက သမိုင်းဝင် အဖြစ်အပျက် တစ်ခုကို အမှောင်ချထားတာဟာ တည်ငြိမ်မှုကို ထိခိုက်မှာကို စိုးရိမ်လို့လား ဒါမှမဟုတ် အမှားကို ဝန်ခံ သလို ဖြစ်မှာ မို့လားဆိုတာကတော့ မေးခွန်းထုတ်စရာ တစ်ခုပါ။ နိုင်ငံရဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုကို သိခွင့်မရတဲ့ တရုတ်ကျောင်းသား Yunfan Huang တို့လို လူငယ် မျိုးဆက်ကတော့ နိုင်ငံရဲ့ အရေးကြီးတဲ့ ဒီလို ဖြစ်ရပ်တွေကို စိတ်ဝင်တစား လေ့လာရင်း ဒီ မေးခွန်းကို တစ်နေ့ အဖြေ ပေးနိုင် ကောင်းပါရဲ့။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG