ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ASEAN ဒေသတွင်း လုံခြုံရေးစည်းဝေးပွဲကတော့ အဓိကနိုင်ငံကြီး ၄ ခု ကုန်သွယ်ရေးအငြင်းပွားမှုက ရုန်းမထွက်နိုင် ဖြစ်ခဲ့ကြသလို၊ နျူကလီးယားဖျက်သိမ်းရေး အမေရိကန်နဲ့ မြောက်ကိုရီးယား ဆွေးနွေးပွဲတွေ ရပ်တန့်နေတဲ့ မရေရာမှုတွေနဲ့ပဲ သောကြာနေ့မှာ အဆုံးသတ်လိုက်ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ခဲ့ကြပြီး ဒေသတွင်းနိုင်ငံတွေကြား ညီညွတ်မှုရှိကြောင်း လက်တွဲဓါတ်ပုံတွေ ရိုက်ရင်း ပြသခဲ့ကြပေမဲ့ ဂျပန်နဲ့ တောင်ကိုရီးယားကြားမှာတော့ ကုန်သွယ်ရေးတင်းမာမှု ရှိနေဆဲဖြစ်ပါတယ်။ ဂျပန် နည်းပညာဆိုင်ရာပစ္စည်းတချို့ကို တောင်ကိုရီးယား တင်ပို့ရာမှာ ကန့်သတ်ခံလိုက်ရတဲ့အတွက် ဂျပန်ရဲ့ဆုံးဖြတ်ချက်ကို အထူးစိုးရိမ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောသွားပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အပေါ် နားမလည်ဖြစ်ရကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ကလည်း တုန့်ပြန်ပါတယ်။ ဒီအတောတွင်း တရုတ်ကုန်ပစ္စည်း ဒေါ်လာဘီလျံ (၃၀၀)ဖိုးအပေါ် စက်တင်ဘာ ၁ရက်ကစပြီး အမေရိကန်က သွင်းကုန်ခွန် ၁၀% တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ကိစ္စဟာ ကုန်သွယ်ရေးအငြင်းပွားမှုကို နည်းလမ်းမှန် ဖြေရှင်းမှုမျိုး မဟုတ်ကြောင်း တရုတ်နိုင်ငံ ခြားရေး ဝန်ကြီး(ဝမ်းယီ)က ပြောသွားပါတယ်။ သမ္မတထရမ့်ရဲ့ အဲဒီလို ကြေညာချက်ကြောင့် အာရှနဲ့ အမေရိကန် စတော့ဈေးကွက်မှာတော့ ဈေးတွေ ထိုးကျကုန်ပါတယ်။
ဒီအတောတွင်း အမေရိကန်-မြောက်ကိုရီးယား နူကလီးယားဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နိုင်ငံနှစ်ခုကြား ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်းရှိ နေပြီး ၊ မကြာခင်မှာ ပြန်စနိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီ Pompeo ကပြောပါတယ်။ မြောက်ကိုရီးယားကတော့ ပီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒုံးကျဉ်စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။