သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ASEAN မှာ မြန်မာတင်ပြ


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်းနဲ့ ဆက်စပ် အစည်းဝေးတွေကို တက်ရောက်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဟာ သြဂုတ်လ ၁ ရက် ကြာသပတေးနေ့မှာ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေ နှိမ်နင်းရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့သလို အီးယူ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် အရေးဆိုင်ရာ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

(၅၂)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဟာ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

နယ်စပ်ဖြတ်ကျော် ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းရာမှာ ကနေဒါနဲ့ အာဆီယံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့်ကြောင်း အစည်းအဝေးမှာ ဝန်ကြီးဦးကျော်တင်က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ၈ ကြိမ်မြောက် အာဆီယံ- ကနေဒါ နှီးနှောဖလှယ်ပွဲကို နေပြည်တော်မှာ ၂၀၁၉ ဇူလိုင်လ နှောင်းပိုင်းက ကျင်းပနိုင်ခဲ့တယ်လို့ အစီရင်ခံလိုပါတယ်။ နယ်စပ်ဖြတ်ကျော် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အာဆီယံနဲ့ အစည်းအဝေးပွဲ အစီအစဉ်တွေမှာ အမြဲပဲ ဦးစားပေးခဲ့ပါတယ်။ ဒီနယ်စပ်ဖြတ်ကျော် ကျူးလွန်တဲ့ ရာဇဝတ်မှုနှိမ်နင်းရေးတွေမှာ အာဆီယံနဲ့ ကနေဒါကြား ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဟာ အာဆီယံ ဆွေးနွေးဖက်နိုင်ငံတွြေုဖစ်တဲ့ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယ၊ ကနေဒါ၊ အမေရိကန် ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ တွေနဲ့ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွေကို တက်ရောက်ခဲ့တဲ့အပြင် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဝန်ကြီးများအဆင့် အစည်းအဝေးနဲ့ (၁၀)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး တွေကိုလည်း တက်ရောက်ခဲ့တာပါ။

ဦးကျော်တင်ဟာ အာဆီယံ နဲ့ Australia တို့ရဲ့ ပူးတွဲ လူကုန်ကူးမှု တိုက်ဖျက်ရေး အခမ်းအနား ကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းဝေးမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခိုလှုံ ကြတဲ့ ရိုဟင်ဂျာ မူစလင်တွေနဲ့ အတူ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ ရေရှည် ပြေလည် နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့တာပါ။

“ ရခိုင်ပြည်နယ်က အခြေနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့စိုးရိမ်နေကြပါတယ်။ ဒီကိစ္စအတွက် ရေရှည်နဲ့ ကာလတာရှည်ခံမယ့် အဖြေရဖို့ ဦးတည်ပြီး ကျမတို့ မြန်မာနဲ့ရော၊ ဘင်္ဂလားဒေ့ရှ်နဲ့ သာမက အာဆီယံနဲ့ တခြား မိတ်ဆွေတွေနဲ့ အတူ လက်တွဲပြီး လုပ်ဆောင်သွားမယ်လို့သန္နိဋ္ဌာန်ချထားပါတယ်။ ”

အာဆီယံအဖွဲ့ကြီးနဲ့ မိတ်ဖက်နိုင်ငံတွေကြား ဆွေးနွေးမှုတွေကို တက်ရောက်ခဲ့တဲ့ Australia နိုင်ငံခြားရေး ဝန်ကြီး Payne က တောင်တရုတ် ပင်လယ်ပြင်တွင်း လုံခြုံရေး အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သလို Australia နိုင်ငံ ဟာ ဒေသတွင်းမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် တရားရေးစနစ်ကို မြှင့်တင်ရာမှာ အထောက်အကူ ရစေဖို့အတွက် တရားရေး အရာရှိ တသောင်း သုံးထောင်ကျော်ကို လေ့ကျင့် သင်တန်းတွေ ပေးပြီး ကူညီခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံမှာ လူကုန်အကူးခံရသူတွေကို သေသေချာချာ အကာကွယ်ပေးနိုင်အောင် လုပ်ဆောင် ပေးနေတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဟာ ကြာသပတေးနေ့မှာပဲ အီးယူ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်တဲ့ ဥရောပကော်မရှင်ရဲ့ ဒုတိယဥက္ကဌ Federica Mogherini နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာနှင့်အီးယူအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တွေအပြင် ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာဘက်က လုပ်ဆောင်နေမှုတွေကို ပါ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုတွေထဲမှာ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHAစင်တာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်နေ သလို မြန်မာတာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေကို သွားရောက် စီစဉ်နေမှုတွေ၊ အစိုးရရဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ဆိုင်ရာ လုပ်ဆောင်နေမှုတွေကို ရှင်းပြခဲ့ပါတယ်။

ဥရောပကော်မရှင် ဒုတိယဥက္ကဌကလည်း ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေကို ပြန်လက်ခံရေး အတွက် မြန်မာအစိုးရရဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေနဲ့ တိုးတက်မှုတွေ အတွက် ဝမ်းမြောက်ကြောင်း ပြန်လည် ပြောကြားခဲ့သလို ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးရေးနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့ ဥရောပသမဂ္ဂက ဆက်လက်အကူအညီ ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အာဆီယံ အစည်းအဝေးပွဲတွေမှာ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို တိမ်းရှောင်သွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး တိုက်တွန်းမှုတွေလည်း ရှိခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ သဘောတူညီချက်တွေ သီးခြားရေးထိုးထားပြီး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး ASEAN မှာ မြန်မာတင်ပြ
please wait

No media source currently available

0:00 0:04:50 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG