သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာနေရပ်ပြန်ရေး အာဆီယံထိပ်သီး ဆွေးနွေးမည်


ရိုဟင်ဂျာတွေပြန်ပို့ဖို့အရေး မြန်မာ-ဘင်္ဂလားနှစ်နိုင်ငံကြား ရှေ့မတိုးနောက်မဆုတ် အခြေအနေဖြစ်နေချိန်မှာပဲ၊ လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ဒီဒုက္ခသည်တွေ ဌာနပြန်ရေးဆွေးနွေးနေကြတဲ့အတွက် ရလဒ်ကောင်းတွေထွက်ဖို့ရခိုင်ဒေသခံမူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေက မျှော်လင့်နေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ တောင်းဆိုထားတဲ့ နိုင်ငံသားအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနဲ့ ဘေးကင်းလုံခြုံစွာနေရပ်ပြန်ရေးစတဲ့ တောင်းဆိုချက်တွေအပေါ် အာဆီယံခေါင်းဆောင်တွေဘက်က အလေးထားဆွေးနွေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီး ညီလာခံတွင်းမှာတော့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ဌာနေပြန်နိုင်ရေး အကြေအလည်ဆွေးနွေးနေကြပါတယ်။ ဘယ်အချိန်ပြန်နိုင်မလဲဆိုတဲ့ တိကျ ရှင်းလင်းတဲ့ အချိန်ကာလ သတ်မှတ်ချက်နဲ့၊ ရခိုင်ပြည်နယ်အတွင်း မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းအတွင်း သူတို့ကို လက်ခံအသိအမှတ်ပြုမှုအပေါ်လည့်း  အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံမှာ ထည့်သွင်းစဉ်းစားဆွေးနွေးနေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်နေတဲ့ အာဆီယံမှာ အာဆီယံခေါင်းဆောင်တွေ ဘက်က အခုလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က တိမ်းရှောင်သွားတဲ့သူတွေအရေး အလေးထားဆွေးနွေးနေတဲ့အပေါ် ရလဒ်အဖြေကောင်းတွေ ထွက်လာဖို့ ရခိုင်ဒေသခံတွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေကြား မျှော်လင့်ချက်တွေရှိနေပါတယ်။

ရိုဟင်ဂျာမူဆလင်တွေ ဌာနပြန်လာရေးအပါအဝင် ပြန်လာရင်လည်း နှစ်ဘက်အသိုင်းအဝိုင်းကြား အတူယှဉ်တွဲနေထိုင်နိုင်ရေး ဝိုင်းဝန်းအဖြေရှာပေးနိုင်လိမ့်မယ်လို့ အကောင်းမြင်မျှော်လင့်သူကတော့ ရခိုင်ပြည်နယ်က ကမန်အမျိုးသားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်ငွေဖြစ်ပါတယ်။

“ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိခရီးစဉ်ကို ကြိုဆိုပါတယ်။ ယုံလည်းယုံကြည်ပါတယ်။ လက်ရှိ အနေအထားတွေမှာလည်း မျှမျှတတ သူ့အနေနဲ့ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီမိုကရေစီသွားနေတဲ့ အနေအထား တခုအပေါ်မှာ တိုင်းပြည်ကောင်းဖို့အတွက် ဒါ အာဆီယံနိုင်ငံတွေကလည်း တိုက်တွန်းတဲ့အပေါ်မှာ မှန်မှန်ကန်ကန်နဲ့ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေအပေါ်မှာ ကျနော်တို့ သုံးသပ်စေချင်ပါတယ်။ ဒါကလည်း positive thinking နဲ့ ထောက်ပြထားတယ်ဆိုရင် လက်ခံသင့်ရင်လည်း လက်ခံရမှာပေါ့။ ဒီအပေါ်မှာတော့ ၂ ဘက် မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုတာပေါ့။ နောက်တခုက ဒီ လူ့အသိုင်းအ၀ိုင်း ၂ ခုကိုလည်း negotiate လုပ်ပြီးတော့ ရေရှည်တည်တံ့အောင် ကျနော်တို့ ဘယ်လိုအတူတကွ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ပိုမိုကာင်းမွန်တဲ့အနေအထားတွေကို ဖန်တီးခဲ့မယ်ဆိုရင် အကောင်းဘက်ကို ရောက်လာနိုင်ပါတယ်။”

အာဆီယံခေါင်းဆောင်တွေဘက်က ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကိုအသိအမှတ်ပြုဖို့၊ နိုင်ငံသားအခွင့်အရေးနဲ့ အခြေခံလူသား အခွင့်အရေးတွေရဖို့အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေ တစိုက်မတ်မတ်တောင်းဆိုခဲ့တဲ့အချက်တွေကို အလေးထားစဉ်းစားပေးဖို့ တောင်းဆိုပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကပြောပါတယ်။

“အဓိက ကျနော်တို့ရဲ့ အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာက ကျနော်တို့ရဲ့ မူလနိုင်ငံသားဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေကို အမြန်ဆုံး နိုင်ငံသားကဒ် ထုတ်ပေးပြီးတော့ ခေါ်မယ်ဆိုရင် ကျနော်တို့လည်း repatriation အမြန်ဆုံး လုပ်ထားနိုင်တယ်။ ဒါကတော့ လောလောဆယ် တဘက်နဲ့ တဘက် စွပ်စွဲပြီးတော့ repatriation ကို နှောင့်နှေးအောင် လုပ်နေတာတွေကို တွေ့နေရတယ်။ အဲဒါကြောင့် ကျနော်တို့ အဓိကပြောချင်တာက ကျနော်တို့၏ မူလနိုင်ငံမြန်မာမှာ မူလရရှိခဲ့တဲ့ နိုင်ငံသားကဒ်တွေကို ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေနဲ့ ကျနော်တို့ရဲ့ အိမ်ယာမြေတွေဆီကို ကျနော်တို့ ဒီကနေ တိုက်ရိုက်ပဲ ကျနော်တို့ရဲ့ Homeland ကိုသွားမှာ ကျနော်တို့ ကြားစခန်းကို လုံးဝလက်မခံဘူး။ အမျိုးသားမှတ်ပုံတင်တွေနဲ့ နေထိုင်လာခဲ့ကြတဲ့ အဖိုးအဖွားတွေကနေ ကျနော်တို့ကို မွေးဖွားလာခဲ့ကြတဲ့လူတွေ အဲ့ဒီ့အတွက် ကျနော်တို့ NVC ကို ကိုင်စရာကို မလိုဘူး။"

ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ကြတဲ့အခါ ကြားစခန်းတွေမှာ မထားဖို့-ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထဲကနေ မြန်မာအစိုးရဘက်က ထုတ်ပေးမယ်ဆိုတဲ့ နိုင်ငံသား စိစစ်ခံမယ့်သူတွေ အတွက် သက်သေခံ ကဒ်ပြား NVC ကဒ်တွေ ထုတ်ပေးဖို့ ကိုလည်း လက်မခံကြောင်းနဲ့ သူတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေအတွက် တရားမျှတမှုရဖို့ကိုလည်း အာဆီယံအစည်းအဝေးမှာ ဆွေးနွေးစေလိုတယ်လို့ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်က ပြောပါတယ်။

“ကျနော်တို့ ဒီမှာရှိတဲ့ ၁၀ သိန်းကျော် ရိုဟင်ဂျာ ဒုက္ခသည်တွေက သူတို့ ငါးသိန်းလောက် လက်ခံမယ်ဆိုပြီးတော့ ပြောတာကို ကျနော်တို့ အင်မတန်မှ စိတ်မကောင်းဖြစ်ရတယ်။ ဒီ အဓိက ကျနော်တို့က မူလမြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ မူဆလင်တွေကို နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားထုတ်ပေးမယ်ဆိုရင် ကျနော်တို့ ဒီမှာ လာပြီးတော့ ခေါ်ယူစရာလည်းမလိုဘူး။ ကျနော်တို့ အကုန်လုံး ပြန်သွားကြမှာပါ။”

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံပေမဲ့လို့ ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ သဘောတူညီမှုတွေရယူပြီး ဒုက္ခသည်တွေ နေရပ်ရင်းကိုပြန်လာရေး စနစ်တကျ စိစစ်ဆောင်ရွက်နေတယ်ဆိုတာကို ပြောဆိုနေတာပါ။

လတ်တလော ဘန်ကောက်မြို့မှာ ဇွန်လ ၂၂ ရက်နေ့က ၂၃ ရက်နေ့အထိ ကျင်းပနေတဲ့အာဆီယံအစည်းအဝေးအတွင်းမှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီ ဌာနေပြန်ရေး အပြင် တောင်တရုတ် ပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး နယ်မြေပိုင်နက်သတ်မှတ်ရေးကိစ္စတွေနဲ့ ဒေသတွင်း ဘေးကင်းလုံခြုံရေးကိစ္စတွေကို အထူးအရေးပေးဆွေးနွေးကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG