သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်လာရေး အကောင်းမြင်တဲ့ ASEAN လူ့အခွင့်အရေးသမားတွေ ဝေဖန်


ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)
ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအဖွဲ့က ထုတ်ပြန်မယ့် ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးဆိုင်ရာ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ ကြိုးစားအားထုတ်မှုတွေကိုသာ ချီးကျူးထားပြီး တကယ့် အခြေအနေမှန်တွေကို ဖုံးကွယ်ထားတာကြောင့် အာဆီယံ အဖွဲ့ အနေနဲ့ ဒီကိစ္စအပေါ် ချဉ်းကပ်တဲ့ နည်းလမ်းကို ပြန်စဉ်းစားသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

အခု ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ ရိုဟင်ဂျာ ပြဿနာ ဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းတွေအပေါ် အာရုံထား ဆွေးနွေးသင့်တယ်လို့လည်း အဲဒီ အဖွဲ့တွေက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဒုက္ခသည် ပြန်လည် လက်ခံရေးဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ရရှိပါတယ်။ ဒါပေမဲ့ လုံခြုံ စိတ်ချရမှုနဲ့ လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့ ကိစ္စတွေကြောင့် ပြန်လည် သွားရောက်သူ မဆိုစလောက်သာ ရှိပါတယ်။

ကုလသမဂ္ဂအဖွဲ့ကလည်း ဒုက္ခသည်တွေ ပြန်သွားလောက်အောင် သင့်တော်တဲ့ အခြေအနေတွေ မရှိသေးဘူးလို့ ထပ်တလဲလဲ ပြောပါတယ်။

ဗွီအိုအေက လက်ခံရရှိထားတဲ့ ထုတ်ပြန်ခြင်း မရှိသေးတဲ့ ဒီ အစီရင်ခံစာမှာ မြန်မာအစိုးရအနေနဲ့ ပြန်လည် လက်ခံရေး အစီအစဉ်တွေ ချောမွေ့အောင် ကြိုးစား ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီ အစီရင်ခံစာကို တုန်ပြန့်ထားတဲ့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ရဲ့ ကြေညာချက်မှာတော့ အာဆီယံ အဖွဲ့အနေနဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ သတ်ဖြတ်မှုတွေနဲ့ မီးရှို့မှုတွေကို လစ်လျူရှုထားကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG