သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့ ပေါက်ကွဲမှု လူ ၄ ဦး ဒဏ်ရာရ


ဘန်ကောက်မြို့ ရဲကားများ လူထူထပ်ရာ နေရာများတွေ တွေ့ရစဉ် (ဓာတ်ပုံ-AFP)
ဘန်ကောက်မြို့ ရဲကားများ လူထူထပ်ရာ နေရာများတွေ တွေ့ရစဉ် (ဓာတ်ပုံ-AFP)

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကျင်းပနေတဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဒီကနေ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး လူ ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှု နဲ့ ဆက်စပ်ပြီး မသင်္ကာသူ ၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်ကပြောပြပေးမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒေသတွင်းအစည်းအဝေး ကျင်းပနေချိန်မှာပဲ ဒီကနေ့ မနက်ပိုင်းကစပြီး ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ အသေးစား ဗုံးပေါက်ကွဲမှု ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အဲဒီ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၄ ယောက်ထက်မနည်းဒဏ်ရာရသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဘန်ကောက်မြို့မှာ ဒီကနေ့ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြိးချုပ် ပရာရွတ်ချန်အိုချာကတော့ အခုလို ပြောပါတယ်။

“နေရာ ၅ ခုမှာ ၊ ဗုံး ၉ လုံးတွေ့ပါတယ်။ တချို့လည်း ပေါက်ကွဲခဲ့ပြီး ၊ တချို့လည်း မပေါက်ကွဲခဲ့ပါဘူး။ အဲဒီဗုံးပေါက်ကွဲမှုတွေကြောင့် လူတချို့ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေက သိပ်မများဘူးဆိုပေမယ့်လည်း ၊ တစ်ယောက်ပဲဖြစ်ဖြစ် ဘယ်နှစ်ယောက်ပဲဖြစ်ဖြစ် ကျနော်အနေနဲ့ လက်မခံနိုင်ပါဘူး။ ရဲတပ်ဖွဲ့အနေနဲ့ ဒဏ်ရာရတဲ့သူတွေကို ကုသစောင့်ရှောက်ဖို့ ကျနော်အမိန့်ပေးထားပါတယ်။”

မနေ့ကြာသပတေးနေ့နှောင်းပိုင်းကတော့ ထိုင်းရဲဌာနချုပ်အပြင်ဘက်မှာ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးကို တွေ့ရှိခဲ့ပြီးတဲ့နောက် ဒါနဲ့ ဆက်စပ်ပြီး လူ ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပရာရွတ်က ပြောပါတယ်။

“မနေ့ညက ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းခဲ့ပြီးတဲ့နောက်၊ ကျနော်တို့ လူ ၂ ယောက်ကို ၂၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လူတိုင်းက သူတို့လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်နေကြတယ်ဆိုတာကို ဒါကပြနေပြီး၊ အဲဒီလူတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။”

တိုက်ရိုက် လင့်ခ်

အဲဒီဖမ်းဆီးလိုက်တဲ့သူ ၂ ယောက်ဟာ မလေးရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း မွတ်စလင်အများစုနေထိုင်ရာ ပြည်နယ်တွေဖြစ်တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Jakthip Chaijinda က အတည်ပြုပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက အဲဒီပြည်နယ်တွေမှာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက မွတ်စလင်ခွဲထွက်ရေးအဖွဲ့တွေက သူပုန်ထခဲ့ကြတာဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာဟာ ၊ ဒေသတွင်းမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒေသတွင်းအစည်းအဝေး နဲ့ တခြားဆက်စပ်တဲ့ အစည်းအဝေးကျင်းပချိန်နဲ့လည်းတိုက်ဆိုင်နေတာဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kang Kyung-hwa, သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီဗုံးကွဲမှုတွေကြောင့်တော့ အာဆီယံနဲ့ ဒေသတွင်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို တစုံတရာထိခိုက်ခြင်းတော့မရှိခဲ့ဘူးလို့ ထိုင်းအာဏာပိုင်ကပြောပါတယ်။ ဒါပေမဲ့လည်း ဒီလိုဗုံးခွဲတိုက်ခိုက်မှုတွေက ဘယ်လိုမှလက်ခံနိုင်စရာမရှိတဲ့အတွက် တာဝန်ရှိတဲ့သူတွေကို ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဒီလိုမျိုး ဗုံးပေါက်ကွဲမှုတွေဟာ လုံးဝကို မရှိသလောက်အထိ လျော့သွားခဲ့ပြီးမှ၊ အခုကျမှ ဘာကြောင့်ဖြစ်လာရတာလဲ။ ဒီကနေ့ ဘာတွေဖြစ်နေသလဲဆိုတာကို ခင်ဗျားတို့ကြည့်ဖို့လိုပါတယ်။ ကျနော်တို့ဆီမှာ အာဆီယံနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေကို ကျင်းပနေပြီး၊ ဒါက ကျနော်တို့ရဲ့ တခြားမိတ်ဆွေနိုင်ငံတွေနဲ့ ဆွေးနွေးဖို့အတွက် အရေးပါတဲ့ဆွေးနွေးမှုဖြစ်ပါတယ်။ အရင်တုန်းက ဒါမျိုးမဖြစ်ဘဲ အခုမှ ဘာဖြစ်လို့ဒါမျိုး ဖြစ်တာလဲ။ ကျနော်တို့အနေနဲ့ ဒီကိစ္စဆက်စပ်တဲ့သူမှန်သမျှကိုဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးဖို့လိုပါတယ်။”

အာဆီယံအစည်းအဝေးကို ထိုင်းနိုင်ငံမှာ နောက်ဆုံးအကြိမ်ကျင်းပခဲ့တာက ၂၀၀၉ ခုနှစ်ကဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ထိုင်းနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေဖြစ်ပွားနေပြီး အင်္ကျီအနီဝတ် ဆန္ဒပြတဲ့သူတွေက အာဆီယံအစည်းအဝေးကျင်းပနေတဲ့ ပတ္တရားမြို့က ညီလာခံကျင်းပရာ အဆောက်အအုံတွေအတွင်းကို ဝင်ရောက်ပြီး ဆန္ဒပြတာတွေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG