သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေးမှူးချုပ်အဖြစ် ကန်သမ္မတရွေးထားသူ မီဒီယာကြောင့် နုတ်ထွက်


ထောက်လှမ်းရေးမှူးချုပ်အဖြစ် ကန်သမ္မတရွေးထားသူ John Ratcliffe
ထောက်လှမ်းရေးမှူးချုပ်အဖြစ် ကန်သမ္မတရွေးထားသူ John Ratcliffe

အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်ဖို့ သမ္မတဒေါ်နယ်ထရမ့် ရွေးချယ်ထားသူက သူ့အရည်အချင်း လုပ်ငန်း အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ် ခံရမှုများလာပြီးနောက် သူ့ရဲ့ အမည်တင်သွင်းခံမှုကို ရုပ်သိမ်းလိုက်ပါတယ်။

အိမ်ဖြူတော်မှာ သောကြာနေ့က သတင်းထောက်တွေကိုပြောရာမှာ John Ratcliffe ကအခုလို ဆုံးဖြတ်ရခြင်းဟာ သတင်းမီဒီယာတွေရဲ့ အသေးစိတ် စုံစမ်းဖေါ်ထုတ်မှုတွေကြောင့် ဖြစ်တယ်လို့ သမ္မတထရမ့်က ပြစ်တင်လိုက်ပြီး သတင်းမီဒီယာတွေဟာ Ratcliffe အပေါ် မတရား လုပ်ဆောင်ခဲ့ကြောင်းနဲ့ သူ့အမည် တင်သွင်းမှုကို လွှတ်တော်မှာ အတည်ပြုခဲ့ရင်လည်း အချိန်ကြာပြီး ခက်ခဲမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားမှူးချုပ်အဖြစ် အမည်တင်သွင်းခံရသူ အောက်လွှတ်တော်အမတ် John Ratcliffe က တက္ကဆက် ပြည်နယ်နဲ့ သူ့နိုင်ငံကို ကိုယ်စားပြုပြီး ထူးချွန်တဲ့တာဝန်တွေကို သူ့အနေနဲ့ ထမ်းဆောင်နိုင်နေတဲ့ လွှတ်တော်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း ထရမ့်က သောကြာနေ့က တွစ်တာပေါ် ရေးသားခဲ့တာပါ။

Ratcliffe ကို သမ္မတက အမည်တင်သွင်းပီး ၅ ရက်အကြာမှာ အခုလို ဒီဆုံးဖြတ်ချက်ချလိုက်တာလည်း ဖြစ်ပါတယ်။ Ratcliffe အနေနဲ့ လနဲ့ချီပြီး အသရေဖျက်မှုဒဏ်ကို ခံရမယ့်အစား သူ့ရဲ့အမည်တင်သွင်းမှုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

သမ္မတ ထရမ့်အပေါ် Ratcliffe ရဲ့ပြင်းထန်တဲ့ ထောက်ခံမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေက ဦးစားပေး ဖေါ်ပြကြတဲ့အပြင် သူ့ရဲ့ အရည်အချင်းနဲ့ပတ်သက်လို့လည်း ပိုပြီးချဲ့ကား ပြောဆိုမှုတွေ ရှိခဲ့ကြောင်းနဲ့၊ ထောက်လှမ်းရေးအတွေ့အကြုံ နည်းပါးတာကိုလည်း ထောက်ပြ ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ရာထူးကနှုတ်ထွက်ခဲ့တဲ့ အမျိုးသားထောက်လှမ်းရေး အကြီးအကဲ Dan Coats ရဲ့နေရာမှာ နောက်ထပ် အမည်တင်သွင်းမယ့် ပုဂ္ဂိုလ် ၃ဦးကို ဒီသီတင်းပတ်ကုန်အတွင်း စိစစ်ပြီး ကြေညာသွားမှာဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG