အာဂျင်တီးနားဘောလုံးအသင်းခေါင်းဆောင် လီယိုနယ်လ်မက်ဆီကို နိုင်ငံတကာဘောလုံးပွဲတွေကနေ ၃ လ ပယ်လိုက်ပါတယ်။ ဘရာဇီးနိုင်ငံမှာကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားဘောလုံးပွဲဟာ လာဘ်ပေးလာဘ်ယူတွေနဲ့ လုပ်ပွဲကြီးဖြစ်ပြီး အိမ်ရှင်ဘရာဇီးအသင်းအနိုင်ရအောင် အကြံအဖန်တွေလုပ်ထားတာဖြစ်တယ်လို့လည်း ဝေဖန်ခဲ့တဲ့အတွက် သူ့ကို နိုင်ငံတကာပွဲကစားခွင့် ၃ လ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ချီလီနဲ့ ကစားတဲ့ တတိယနေရာလုပွဲမှာ မက်ဆီ နဲ့ ချီလီနောက်တန်းလူ မီဒဲလ်တို့ ရန်ဖြစ်လို့ အထုတ်ခံရပြီးတဲ့နောက် သူက အဲဒီလိုပြောခဲ့တာပါ။ ဒါ့အပြင် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က မက်ဆီကို အမေရိကန်ဒေါ်လာ ၅ သောင်း ဒဏ်ငွေရိုက်လိုက်ပါတယ်။ မက်ဆီအနေနဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကျေနပ်ရင် တပတ်အတွင်း အယူခံဝင်နိုင်မှာဖြစ်တယ်လို့လည်း တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
အခုလို ၃ လ ပိတ်ခံရတဲ့အတွက် မက်ဆီအနေနဲ့ လာမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ချီလီ၊ မက္ကဆီကို နဲ့ ဂျာမနီတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားဘောလုံးပွဲမှာတော့ ဘရာဇီးအသင်းက ဗိုလ်စွဲခဲ့ပြီး၊ အာဂျင်တီးနားအသင်းကတော့ တတိယရခဲ့ပါတယ်။