သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ လွှတ်တော်အတည်ပြု


မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် (ဓာတ်ပုံ-ရိုက်တာ)
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် (ဓာတ်ပုံ-ရိုက်တာ)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲ အတည်ပြုလိုက်ပါပြီ။ ဒါကြောင့် နောက်တဆင့်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတရပ် ထွက်လာအောင် ကော်မတီက ဆက်လုပ်သွားမယ်လို့ ပူးပေါင်းကော်မတီဥက္ကဋ္ဌက ပြောပါတယ်။ ဒီလိုအတည်ပြုလိုက်တဲ့အပေါ် တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့ကရော ဘယ်လိုမြင်ပါသလဲ။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို စောင့်ကြည့် ထားတဲ့ ဗွီအိုအေသတင်းထောက် မမေခက စုစည်း တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာကို ဒီကနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မဲခွဲအတည်ပြုတာမှာ ထောက်ခံသူဦးရေ ၄၀၀ ကျော်ရှိတာကြောင့် အစီရင်ခံစာ ဖြစ်သွားတာပါ။ အခုလို အတည်ပြုပြီးဖြစ်တဲ့အတွက် “အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း” ပေါ်ပေါက်ရေး ဒုတိယပိုင်းတာဝန်ကို ကော်မတီက ဆက်ပြီး ဆောင်ရွက်ရမှာပါ။ ကော်မတီအနေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီးတော့ လွှတ်တော်ကို တင်သွင်းရမှာဖြစ်ပါတယ်။

အစီရင်ခံစာကို ဆွေးနွေးကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်တွေနဲ့ပတ်သက်လို့ ဘယ်လို ဆက်လုပ်သွားမယ်ဆိုတာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ အခုလိုပြောဆိုသွားခဲ့ပါတယ်။

“အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတင်တဲ့ အစီရင်ခံစာကိုဆွေးနွေးတာမှာ ၃မျိုး၃စားရှိတာကိုတွေ့နိုင်၊ ထောက်ခံတယ်၊ ကန့်ကွက်တယ်၊ အကြံပြုဆွေးနွေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံ၊ ကန့်ကွက် အကြံပြု ချက်တွေနဲ့ပတ်သတ်လို့ လာမယ့် ဥပဒေကြမ်းရေးဆွဲတာမှာ ထည့်သွင်းစဉ်းစားပေးသွားမယ်။”

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းချိန်ကတည်းကစပြီး ကန့်ကွက်ခဲ့တဲ့ တပ်မတော်ဘက်ကတော့ အခုအဆင့် ရောက်လာတဲ့အချိန်မှာ ဘယ်လိုသဘောထားရှိတယ်ဆိုတာကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က အခုလိုပြောသွားပါတယ်။

“အစီရင်ခံစာကို အတည်ပြုတာနဲ့ပတ်သတ်လို့ ဆွေးနွေးတာလဲမရှိလို့ ဘာမှ ထပ်ပြောစရာမရှိပါဘူး။ ဒီဟာကိုပြင်တဲ့ အခါကိုယ့်နိုင်ငံရဲ့အချုပ်အခြာယိုင်နဲ့သွားတာတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်ပါတယ်။”

ပါတီခေါင်းဆောင်အများစုက တပ်မတော်သားဟောင်းတွေဖြစ်ကြတဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း လက်ရှိ လုပ်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို တောက်လျှောက်ကန့်ကွက်လာတာဖြစ်ပြီး လက်ရှိအဆင့်မှာလည်း နဂို ပြောထားဖူးတဲ့ သဘောထားအတိုင်းပဲ ဆက်ပြီး ရပ်တည်နေဆဲရှိတယ်ဆိုတာကို ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး သတင်းထောက်တွေကိုပြောတာက ထင်ရှားနေပါတယ်။

“ကိုယ်လိုချင်တဲ့ဆန္ဒတွေကို စုလုပ်မယ့်အစားပြင်သင့်ပြင်ထိုက်တာကိုပြင်ဖို့လိုတယ်။ ဥပဒေနဲ့အညီဆက်သွားဖို့ဘဲရှိတယ်လေ။ ပြဌာန်းချက်တွေနဲ့အညီသွားရမှာ အန်ကယ်တို့ဘက်ကဥပဒေကြမ်းတင်ထားတယ်။ အဲမှာပါတဲ့ ၄၃၅၊ ၄၃၆ အတိုင်းပြင်ရမှာ။ ဥပဒေတိုင်းသွားဖို့လုပ်ဖို့တိုက်တွန်းသွားမယ်။ အဲလိုမဟုတ်ရင်အန်ကယ်တို့နဲ့ဝေးသွားမယ်။”

တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ရဲ့ ဒီကနေ့ ပြောဆိုချက်တွေထဲမှာ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်အပေါ် သူတို့ရဲ့သဘောထားနဲ့ ဘာဆက်လုပ်သွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပါသေးပါဘူး။

မကြာခင်မှာ ၄၅ ဦးကော်မတီ အစည်းအဝေးတွေ ပြန်လုပ်ပြီး ဥပဒေကြမ်းရေးဆွဲတာနဲ့ပတ်သတ်လို့ အသေးစိတ် ဆွေးနွေး တိုင်ပင်သွားမယ်လို့ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG