သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနေအိမ်မှာ မူးယစ်ဆေးနဲ့ လက်နက်တွေမိကြောင်း တပ်မတော် ထုတ်ပြန်


ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ (ဓာတ်ပုံ -MP Oung Thaung Shway)
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ (ဓာတ်ပုံ -MP Oung Thaung Shway)

ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးရဲ့ နေအိမ်ကနေ မူးယစ်ဆေးတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ တယ်လို့ တပ်မတော်က ပြောပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးနဲ့ မိသားစု သူတို့နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်သွားပြီးချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရှာပြီးတဲ့နောက် ဘာတွေသိမ်းဆည်းရမိတယ်ဆိုတာကို သတင်းထုတ်ပြန်တာပါ။ အဲဒီရွာတွင်းမှာ တပ်ကနေရာယူထားပြီး ရွာသူရွာသားတွေက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ရက်ခုံတိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဝင်ရောက် ရှာဖွေတာမှာ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြားတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆီးရရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ မနေ့ကရက်စွဲနဲ့သတင်းထုတ်ပြန်ထားတာပါ။

အဲဒီလို ရှာဖွေခဲ့တဲ့အခြေအနေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ရသေ့တောင်ရက်ခုံတိုင်ရွာမှာ ကျွန်တော်တို့သတင်းပေးတဲ့ အရ။ အဲဒီရက်ခုံတိုင်ရွာဥက္ကဌကနေ AAနဲ့ဆက်စပ်မှုရှိ နေ တယ်။ မူးယစ်ဆေးဝါးတွေရယ် လက်နက်တွေလဲရှိတယ်။ ဆိုပြီးတော့မှ သတင်းပေးချက်အရ ရဲရယ် တပ်ရယ် ဝင်ရှာ တာ။ ရှာတဲ့အခါမှာလက်က်ကျည်ဆံမိတယ်။ နောက်တခုဖမ်းမိတာမှာ သိန်းပေါင်းသုံးသောင်းကျော် ဖမ်းဆီးရမိတဲ့ ဟာတွေ။ မူးယစ်ဆေးဝါးလုပ်ပြီးAAကိုတဖက်တလမ်းကထောက်ပံ့တယ်။ ဒီဖက်မှာကျေးရွာအုပ်ချုပ်ရေးမှူးတွေက AAနဲ့ ဆက်စပ်နေသူတွေအများကြီးဘဲ။”

တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရွာသားတချို့သတင်းပေးပို့ချက်အရ ကျေးရွာမှတာဝန်ရှိသူတွေနဲ့အတူ လျှပ်တပြက် ဝင်ရောက်ရှာဖွေတာမှာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ၅ သိန်းခန့် ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ဖို့ အသုံးပြုတဲ့ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘောစေ့ရောနှောထားတဲ့ ယမ်းထုပ် တစ်ပိဿာခန့် ၂ ထုပ်နဲ့ဆက်စပ်ပစ္စည်း တွေသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့မိသားစု ၅ ဦးတို့ သြဂုတ်လ ၃ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်သွားကြပြီးမှ စစ်တပ်က အိမ်အတွင်း ဝင်ရောက်ရှာဖွေတာဖြစ်ပြီး တိမ်းရှောင်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုဥပဒေနှင့်အညီ အမှုဖွင့်ထားပြီးတော့ ကွင်းဆက်တရားခံ တွေ ဖော်ထုတ်ရမိရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမီးလှရွာဟောင်းလို့ခေါ်တဲ့ ရက်ခုံ တိုင်ကျေးရွာမှာ မနေ့ကတည်းက တပ်မတော်ကနေဝင်ရောက် စစ်ဆေးနေတာဖြစ်ပြီး လက်ရှိအခြေအနေကိုရေသေ့တောင်မြို့နယ်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုပြောပါတယ်။

“အခုလောလောဆယ်မှာ သမီးလှရွာဟောင်းမှာတော့ တပ်မတော်သားတွေ နေဗီတို့တပ်တို့ရောက်နေပါတယ်။ ရွာသား ယောကျာ်းတွေတော့ထွက်ပြေးသွားပြီး အမျိုးသမီးနဲ့ကလေးတွေ(၃၀၀)လောက်ကတော့ ဘုန်းကြီးကျောင်းမှာ ခိုအောင်း နေတာကို ရွာသားတွေဖုန်းဆက်စကားအရသိရပါတယ်။ ဒီမနက်ကစပြီးတော့ ဘုန်းကြီးကျောင်းကနေ ရွာထဲကို သွား လို့ လာလို့မရဘူးဆိုသိရပါတယ်။”

အလားတူ ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြ ကျောင်းဆရာ နေဇော်လင်း ကို မြန်မာစစ်တပ်ကနေ မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးရာမှာ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်နေတယ် ဆိုတဲ့ အချက်လက်ကိုတွေ့ရှိရကြောင်းတပ်မတော်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းဆရာ နေဇော်လင်းဟာ တပ်မတော်သတင်းအချက်လက်တွေကို AAဖက်ကိုပေးပို့နေတယ်ဆိုတဲ့ အထောက် အထား တွေစစ်ဆေးတွေ့ရှိရတယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

“သူ့ဖုန်းထဲမှာAAနဲ့ပြောထားတဲ့ဟာတွေလေ။ မက်ဆေ့တွေပို့ထားတဲ့ဟာတွေလေ။ ဘယ်တပ်ဘယ်နေရာရောက် တယ်။ မိုင်းခွဲဖို့အသင့်ပြင်ဆင်ထားပါ။ ဒီလိုဟာမျိုးတွေပို့ထားတာတွေ့တယ်။ ဒါ့ကြောင့်မို့လို့သူကိုအမှုဖွင့်ထားတယ်။”

စစ်ဆေးခံနေရတဲ့ကျောင်းဆရာကို သြဂုတ်လ ၆ ရက်နေ့မှာတပ်မတော်ကနေဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်နယ် မြေရဲစခန်းကိုလွဲပြောင်းပေးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့နဲ့ အမှုဖွင့်အရေးယူ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မနှစ်ကစလို့ မြန်မာ့တပ်မတော်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲစဉ်တွေအတွင်း AAနဲ့ဆက်စပ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ဖမ်းဆီးခံရသူတွေ တနေ့ထက်နေ့များပြား လာ နေပါတယ်။

လက်ရှိမှာ မသင်္ကာမှုနဲ့ဖမ်းဆီးခံရသူ(၁၇၀)ကျော်ရှိနေပြီးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ စာရင်း ကောက်ယူချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG