တရားရုံးမှာ အမှုရင်ဆိုင်ဖို့မလာဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဝရမ်းကပ်ဖို့ တရားရုံးက ဒီကနေ့ အမိန့်ထုတ်လိုက်ပါတယ်။ လက်ရှိအထိကတော့ ဦးဝီရသူဟာ သူ့အပေါ်စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု စွဲချက်ကို လာပြီးရင်ဆိုင်တာ မရှိသေးသလို ဘယ်ရောက်နေသလဲဆိုတာလည်း မသိရပါဘူး။ ဒီလိုပိုင်ဆိုင်ပစ္စည်းတွေကို ဝရမ်း ကပ်တယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်ပါလဲ … ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
အမျိုးသားရေးဆရာတော် ဦးဝီရသူဟာ စပြီး တရားစွဲခံရချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပြီး တရားရုံးက သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကျော်တဲ့အထိ လာပြီး တရားရင်မဆိုင်တဲ့အတွက် သူပိုင်ပစ္စည်းတွေကို ဝရမ်းကပ်ဖို့ တရားရုံးက အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။
ဒီအမိန့်နဲ့ပတ်သက်ပြီး တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က အခုလို ပြောသွားပါတယ်။
"ကျင့်ထုံးဥပဒေပုဒ်မ ၈၇ အရ ဦးဝိစိတ္တဘိဝံသ (ခေါ်) ဦးဝီရသူမှာ ရုံးရှေ့သို့ လာရောက်ခြင်းမရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ ဦးဝိစိတ္တဘိဝံသ(ခေါ်)ဦးဝီရသူ ပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို စွပ်စွဲခံရသူကို လာရောက်စေခြင်းငှာ ဝရမ်းဆွဲကပ်ရန်အမိန့်ကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ အရ ထုတ်ဆင့်သည်။"
ပြီးခဲ့တဲ့လက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇ အရ တလအတွင်း တရားရုံးမှာ လာရောက်ဖြေရှင်းဖို့ အကြောင်းကြားခဲ့ပေမယ့် မလာရောက်လို့ ရာဇဝတ် ကျင့်ထုံး ၈၈ အရ အခုလို ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ချိတ်ပိတ်တာပါ။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ နဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် ရှင်းပြတာက -
"ကျင့်ထုံးပုဒ်မ ၈၈ အရ ဝရမ်းကပ်တယ်ဆိုတာသည် ထွက်ပြေးနေတဲ့ ဝရမ်းပြေးပေါ့။ ကျွန်တော်တို့သုံးတာတော့ ဝရမ်းပြေးပေါ့။ အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝရမ်းပြေးရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အဲ့သူဝရမ်းပြေးနေတဲ့ကာလမှာ ထုခွဲရောင်းချပြီး အခြားနည်း လွှဲပြောင်းသုံးစွဲလို့မရအောင် တရားရုံးရဲ့ ထိန်းသိမ်းမှုအောက်ကို အရယူလိုက်တာပါပဲ။ ဒါပါပဲ။"
ဦးဝီရသူကိုတော့ ရန်ကုန်မြို့ မဟာန္ဓုလပန်းခြံရှေ့မှာ ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့ ဗဟိုအစိုးရက ရန်ကုန်တိုင်း အစိုးရကို ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။ နောက်လာမယ့် ရုံးချိန်းကိုတော့ စက်တင်ဘာ ၉ ရက်နေ့မှာ ပြန်လည် ချိန်းဆိုထားပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနှစ် ၂၀ ထိ ချမှတ်ခံရနိုင်ပါတယ်။
ဆရာတော်ဦးဝီရသူဘက်တော့ ဓမ္မစက်နဲ့ အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်လို့ လူမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။ ဦးဝီရသူဟာ မကြာသေးခင်က ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ခံထားရတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းက ဆရာတော်တပါးဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးလှဆွေကိုလည်း ရန်ကုန်မြို့မှာလုပ်တဲ့ တပ်မတော်ထောက်ခံပွဲမှာ ဟောပြောတာနဲ့ပတ်သက်လို့ ကျောက်တံတားမြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားသလို အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦးကလည်း သာသနာညှိုးနွမ်းစေမှုပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။