သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူအမှု တရားရုံးမှာ စတင်ကြားနာ


ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး
ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အလိုရှိနေတဲ့ အမျိုးသားရေးဝါဒီ ဦးဝီရသူ အပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ တရားလိုဘက်ကို တရားရုံးက ဒီကနေ့ စတင်ကြားနာ စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ တရားခွင်မှာတော့ တရားလိုဖြစ်တဲ့ အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ထွက်ဆိုသွားခဲ့သလို၊ သက်သေ အထောက်အထား တချို့ကိုလည်း တင်ပြခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပေးမှာပါ။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ မေလ ၅ ရက်နေ့က ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားတဲ့ အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက တရားခွင်မှာ ထွက်ဆိုခဲ့တာပါ။

ဦးဝီရသူကိုတော့ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဝရမ်း ၂ ကြိမ် ထုတ်ခဲ့ပေမယ့် မလာရောက်တဲ့ အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ နဲ့ အမှုဖွင့်ခဲ့ပြီး တရားရုံးလုပ်ငန်းတွေကို ဆက်လုပ်ခဲ့တာပါ။

တရားခွင်မှာတော့ တရားခံပြေးဖြစ်မဖြစ် အမိန့်ချမှတ်နိုင်တဲ့ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ကို တရားသူကြီးက စတင်စစ်ဆေးခဲ့ပြီး တရားလိုဖြစ်တဲ့ အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက ထွက်ဆိုရာမှာ၊ တရားစွဲဆိုဖို့ သမ္မတရုံးရဲ့ ညွှန်ကြားစာ၊ ရန်ကုန်တိုင်း အစိုးရရဲ့ ထပ်ဆင့် ညွှန်ကြားစာတွေအပြင် ဦးဝီရသူရဲ့ ဟောပြောချက် ရုပ်သံဖိုင်နဲ့ CCTV မှတ်တမ်းတွေကိုလည်း သက်သေခံအဖြစ် တင်သွင်းခဲ့ပါတယ်။

တရားသူကြီးအနေနဲ့ တရားလိုဘက်ကို စစ်ဆေးပြီး ဦးဝီရသူကို တရားခံပြေးအဖြစ် သတ်မှတ်သင့်-မသင့် ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်းလည်း အနောက်ပိုင်း ခရိုင်တရားရုံးက ပြန်ကြားရေး တာဝန်ခံ တရားသူကြီး ဦးကြည်မင်းစိုးက ပြောပါတယ်။

"သူ့ကို လက်တလော ဖမ်းလို့မရဘူး။ လတ်တလော ဖမ်းလို့မရတဲ့အတွက် အထွေထွေအမှု ဖွင့်လိုက်တယ်။ အထွေအထွေအမှုဖွင့်ပြီးမှ အထွေထွေအမှုရဲ့ မှင်နက်သက်သေကိုစစ်တယ်။ အဲ့မှာ တရားသူကြီးက ဆုံးဖြတ် လိမ့်မယ်။ အမှုပေါ်ပေါက်ရင် တရားခံပြေးအဖြစ် ကြေညာမယ်။ မပေါ်ပေါက်ဘူး လွှတ်လိုက်ယုံပဲရှိတာပေါ့။ "

အခုအမှုပြီးပြတ်ပြီးမှ တရားလိုဘက်က တိုင်ကြားထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ကို ဆက်လက် စစ်ဆေးနိုင်မှာလည်း ဖြစ်ပါတယ်။

ဦးဝီရသူကို ဖမ်းမမိတဲ့အတွက် နောက်ဆက်တွဲ ထပ်မံတရားစွဲခဲ့တဲ့ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၁၂ နဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က အခုလို ရှင်းပြပါတယ်။

"၅၁၂ ကိုမဖွင့်ရင် ဒီမျက်ကွယ် စစ်ဆေးခွင့်မရှိဘူး။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂(က)က ထွက်ပြေးနေတဲ့ တရားခံကြောင့် သူ့ကိုဖမ်းမမိလို့ တရားလိုပြသက်သေတွေကို စစ်ဆေးရင်းနဲ့ တရားလိုပြ သက်သေတွေဟာ ကြားကာလမှာ သေဆုံးသွားတာတို့ ၊နောက်တခါ နယ်ဝေးကို ပြောင်းရွှေ့သွားမှာတို့ နောက် အထောက်အထား စာမှတ်စာတမ်းသက်သေ သက်သေခံတွေ အဲ့ဒါတွေ ပျောက်ပျက်သွားမှာစိုးတဲ့အတွက် အမှုမြန်ဆန်အောင် ၅၁၂ ကျင့်ထုံးအရ ဖွင့်ပေးရတာ။ ၅၁၂ ကို တရားခံပြေး အမိန့်ကို ချတဲ့အမိန့်ကို မချသေးသ၍ ဒီအမှုက ၁၂၄(က) က စစ်လို့မရဘူး။ မျက်ကွယ်လည်း စစ်ခွင့်မရှိဘူး။ ဒါကြောင့် ဒီ Processကတော့ တကယ်ပြောရင် ဦးဝီရသူထွက်ပြေး တိမ်းရှောင်သွားခြင်းကြောင့် ဒီအမှုကြီးကို ရပ်မသွားအောင် ပြီးတော့ ကြန့်ကြာမှုမရှိအောင် လို့ဆောင်ရွက်တဲ့ Process ပါပဲ"

လာမယ့် ရုံးချိန်းကိုတော့ ဇွန်လ ၂၅ ရက်နေ့ကို ချိန်းဆိုထားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အပါအဝင် တရားလိုပြသက်သေ ၉ ဦးက ထွက်ဆိုဖို့လည်း တင်ပြထားပြီး ၃ ဦးကို စစ်ဆေးမှာဖြစ်ပါတယ်။

ဦးဝီရသူနဲ့ ထောက်ခံသူတွေကတော့ ရဟန်းတပါးအဖြစ် ဓမ္မစက်နဲ့ အရေးယူရမှာကို အစိုးရတာဝန်ရှိသူတွေဘက်က အာဏာစက်နဲ့ အရေးယူဖို့ ကြိုးစားတာဟာ တရားမျှတမှု မရှိဘူးဆိုပြီး တရားရုံးလုပ်ငန်းတွေကို ကန့်ကွက်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG