နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ ကို ဖမ်းဝရမ်းသက်တမ်းပြည့်တဲ့ ဒီနေ့မှာပဲ တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ရန်ကုန်မြို့မှာ မေလ ၅ ရက်နေ့တုန်းက ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲခံထားရတဲ့ ဦးဝီရသူဟာ ဖမ်းဝရမ်းသက်တမ်း ကျော်လွန်သွားချိန် အထိ ဖမ်းဆီးရမိတာ မရှိခဲ့တဲ့အတွက် ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်တရားရုံးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေငြာလိုက်တာ ဖြစ်ပါတယ်။
ဖမ်းဝရမ်း သက်တမ်းပြည့်တဲ့ အချိန်အထိ ဖမ်းဆီးရမိတာ မရှိသေးတဲ့အတွက် တရားသူကြီးက တရားခံပြေးအဖြစ် ဖမ်းဆီးဖို့ အမိန့်ထုတ်ပေးခဲ့တာဖြစ်ပြီး၊ ဦးဝီရသူကို ဆက်လက်ရှာဖွေနေကြောင်းလည်း ဒုတိယ ရဲမှူးကြီး မျိုးသူစိုးက ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့ကို ဝရမ်းထပ်ထုတ်ပေးထားပါတယ်။ ရဲတပ်ဖွဲ့ကို တရားရုံးကနေပြီးတော့ ဒီဝရမ်းကို ကျနော်တို့ရဲတပ်ဖွဲ့က သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ အတည်ပြုနိုင်ဖို့ ဆက်လုပ်မှာပါခင်ဗျ။ ကျွန်တော်တို့ ဝရမ်းကတော့ ပြီးခဲ့တဲ့ ဟိုဟာကတည်းက အတည်ပြုဖို့အတွက် လုပ်နေတာပဲလေ။ လိုက်ရှာနေတာပဲလေ။ အခုလည်း ဝရမ်းထပ်ရတယ်ဆိုတော့ ထပ်ရှာမှာပေါ့။"
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ရင်ဆိုင်နေရတဲ့ ဦးဝီရသူအပေါ် တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်လိုက်ပြီး ရာဇဝတ်အထွေထွေအမှု ထပ်ထိုးဖွင့်လိုက်တဲ့အတွက် အမှု နှစ် ခု ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နောက်ထပ်တိုးလိုက်တဲ့ အမှုအတွက် ကာယံကံရှင်ကိုယ်တိုင် တရားရုံးကို ရောက်လာမယ် ဆိုရင်တော့ အမှုကို ပိတ်သိမ်းပေးနိုင်သလို ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်ပါတယ်။
တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်လိုက်တဲ့အတွက် နောက်ဆက်တွဲ ကြုံရနိုင်တဲ့ ဥပဒေရေးရာ အကျိုးဆက်တွေကိုတော့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က အခုလို ရှင်းပြပါတယ်။
"ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ရာဇဝတ်အထွေထွေအမှု ဖွင့်လိုက်တဲ့အတွက် ၁ ဦးဝီရသူသည် တရားခံပြေး ဖြစ်သွားပြီ ၂ အချက်က သူ့ရဲ့မျက်ကွယ်မှာ အမှုကို ဆက်ပြီး စစ်ဆေးခွင့်ရှိသွားပြီ နောက်တခါ မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ ရဲစခန်းတွေ အားလုံးကကော ပြည်သူလူထုတွေ အားလုံးကကော ဦးဝီရသူကို တွေ့ရှိတဲ့နေရာမှာ ဖမ်းဆီးပြီးတော့ အနီးစပ်ဆုံး ရဲစခန်းကို အပ်နှံခွင့်ရှိသွားပြီပေါ့။ အဲ့လိုအကျိုး သက်ရောက်မှု ရှိပါတယ်။"
ဆရာတော် ဦးဝီရသူ ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းသံဃနာယက အဖွဲ့က သြဝါဒပေးဖို့ ခေါ်ယူခဲ့ပေမယ့် အကြောင်းအမျိုးအမျိုးကြောင့် သြဝါဒပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီး ဆရာတော်တွေ သြဝါဒပေးတာကို မလိုက်နာဘူးဆိုရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့လည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ ဦးဝီရသူကို အရေးယူဖို့ အစိုးရ အုပ်ချုပ်ရေးပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တရားစွဲဆိုခိုင်းတာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်ခင်ဗျာ။