သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် သန်းဝက်ကျော် အထောက်အထားကဒ်ပြား ရရှိ


ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို အထောက်အထားကဒ်ပြား ထုတ်ပေးနေစဉ် (ဓာတ်ပုံ-UNHCR)
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို အထောက်အထားကဒ်ပြား ထုတ်ပေးနေစဉ် (ဓာတ်ပုံ-UNHCR)

ဘင်္ဂလားဒေ့ရှ်နဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်မှာ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅၀၀,၀၀၀ ကျော်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အထိ အထောက်အထား မှတ်ပုံကဒ် ထုတ်ပေးပြီးသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီအထဲက ဒုက္ခသည်အများစုဟာ သူတို့ဘဝမှာ ပထမဆုံးအကြိမ် အထောက်အထားကဒ်ပြားရကြတာလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ UNHCR တို့ ပူးပေါင်းပြီး ကိုယ်ရေးအချက်အလက်တွေကို အတုလုပ်လို့မရနိုင်တဲ့ ကဒ်ပြားတွေကို အသက် ၁၂ နှစ်အထက် ရှိတဲ့သူတွေကို ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘက်စုံ စုံစမ်းစစ်ဆေးပြီးလုပ်ပေးတဲ့ ဒီ အထောက်အထားကဒ်ပြားတွေကိုတော့ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းအားလုံးအတွင်းက လူတွေကို ထုတ်ပေးတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာရောက်နေတဲ့ ဒုက္ခသည်အရေအတွက်ကို အတိအကျသိနိုင်အောင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဒီလိုလုပ်ပေးလိုက်ခြင်းအားဖြင့် ဒုက္ခသည်အရေအတွက်နဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို ဒေသခံအာဏာပိုင်တွေ အပါအဝင် စာနာမှုအကူအညီပေးရေး အဖွဲ့အစည်းတွေက သိရှိနိုင်မယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေအနေနဲ့ တချိန်မှာ မြန်မာနိုင်ငံကိုပြန်မယ်လို့ ဆုံးဖြတ်ခဲ့ရင် ဘေးကင်းလုံခြုံစွာပြန်နိုင်မယ့် သူတို့ရဲ့ ဇာတိဟာ မြန်မာနိုင်ငံကဖြစ်တယ်ဆိုတဲ့ အရေးပါတဲ့ သက်သေခံအချက်အလက်ကို အခု ထုတ်ပေးလိုက်တဲ့ အထောက်အထားကဒ်ပြားထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Cox’s Bazar ဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းတွေအတွင်း မြန်မာနိုင်ငံဘက်က ရောက်လာတယ်ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၀၀,၀၀၀ လောက် ရှိနေပြီး အဲဒီအထဲက ၇၅၀,၀၀၀ နီးပါးဟာ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ တကျော့ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီလူတွေ နေရပ်ပြန်လာ နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် သန်းဝက်ကျော် အထောက်အထားကဒ်ပြား ရရှိ
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG