သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းစွာ ဌာနေပြန်နိုင်မည့် အခြေအနေ မရှိကြောင်း ကုလသုံးသပ်


မှတ်တမ်းဓာတ်ပုံ - ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore။
မှတ်တမ်းဓာတ်ပုံ - ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေသာမက ရခိုင်တိုင်းရင်းသားတွေရဲ့ အခြေအနေတွေပါ အလွန်ဆိုးရွားလာနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore က ဗုဒ္ဓဟူးနေ့က သတိပေးပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေးအခြေအနေ လုံးဝမဖြစ်နိုင်သေးဘူးလို့ Kate Gilmore က မနေ့က (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြောကြားခဲ့ပေမယ့် မြန်မာဘက်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ လက်ခံဖို့ အဆင်သင့်ရှိနေကြောင်း မြန်မာသံအမတ်က တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကိုယ်စား လက်ထောက် မဟာမင်းကြီး Kate Gilmore က မနေ့ ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့တာပါ။

“ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကူညီဆောင်ရွက်ဖို့ UNHCR ၊ UNDP တို့နဲ့ မြန်မာအစိုးရကြား MoU နားလည်မှုစာချွန်လွှာ သက်တမ်းကို ၂၀၁၉ မေလ ၂၈ ရက်နေ့က နောက်ထပ် တိုးမြှင့်ဖို့ သဘောတူလိုက်ပေမဲ့လည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် လုံလောက်တဲ့ အခြေအနေတွေ လုံးဝမရှိသေးတဲ့အပြင် MoU အရ အကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေဟာလည်း တင်းတင်းကျပ်ကျပ် ကန့်သတ်ခံထားရပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရင်က ရိုဟင်ဂျာ လူဦးရေ ခန့်မှန်းခြေ တသန်းလောက်ရှိခဲ့တဲ့အထဲက ၂၄၀,၀၀၀ ပတ်ဝန်းကျင်လောက်ဟာ အဲဒီမှာ ဆက်လက်ကျန်ရှိနေဆဲဖြစ်ပြီး OHCHR လူ့အခွင့်အရေး မဟာမင်းကြီး ရုံးနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေကို သွားရောက်ခွင့် ပိတ်ပင်ထားကြောင့်လည်း သူတို့ရဲ့ အခြေအနေတွေကို စုံစမ်းကြည့်ရှုဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့လည်းလက်ထောက် မဟာမင်းကြီးက ပြောပါတယ်။ ဒါပေမယ်လို့ မြန်မာလုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ နေရာပေါင်းများစွာက သတင်းအချက်အလက်တွေကို သူတို့ဆက်ပြီး ရရှိနေကြောင်း Gilmore က အခုလိုပြောပါတယ်။

“ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေ ဖေါ်ပြထားတဲ့ သတင်းအချက်အလက်တွေအပါအဝင် အခြား မူရင်းနေရာအများအပြားကနေ အတည်ပြုထားတဲ့ အချက်အလက်တွေကို ကျမတို့ ဆက်ပြီးရရှိနေပါတယ်။”

ဒါအပြင် အခြေအနေတွေ ပိုပြီးဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေသာမက ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးအန္တရာယ် အလွန်စိုးရိမ်နေရကြောင်း လက်ထောက်မဟာမင်းကြီးက ပြောပါတယ်။

“ မြန်မာတပ်မတော်နဲ့ AA ရခိုင်တပ်ဖွဲ့ကြား တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေသာမက ရခိုင်တိုင်းရင်းသားတွေရဲ့ အခြေအနေဟာ ပိုမိုပြီး ဆိုးရွားလာနေပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလကတည်းကစပြီး တိုက်ပွဲပေါင်း ၃၀၀ ထက်မနည်းဖြစ်ခဲ့တယ်လို့ သတင်းတွေ ရရှိခဲ့ပါတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေပေးဖို့ ပိတ်ပင်ခံထားရတဲ့ အခြေအနေကိုလည်း လက်ထောက်မဟာမင်းကြီး ပြင်းပြင်းထန်ထန် ထောက်ပြ ကန့်ကွက်ခဲ့ပါတယ်။ ဒါအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်အောင် အရေးယူလုပ်ဆောင်ဖို့ လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်လှတဲ့ ရာဇဝတ်ကျူးလွန်မှုတွေနဲ့ အခု ရခိုင်တိုင်းရင်းသားတွေအပေါ် ကျူးလွန်မှုတွေကို အဆုံးသတ်စေဖို့ မြန်မာအစိုးရအနေနဲ့ ထင်သာမြင်သာရှိတဲ့ အများယုံကြည်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဥပဒေနဲ့အညီ လုပ်ဆောင် အရေးယူအပြစ်ပေးဖို့ Kate Gilmore က လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြောကြားခဲ့ပါတယ်။

အခုလို လူ့အခွင့်ရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီးတင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာဟာ မှန်ကန်မှုမရှိတဲ့အပြင် အထင်အမြင်လွဲှမှားစေကြောင်း ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တုန့်ပြန်ခဲ့ပါတယ်။

“ ရခိုင်ပြည်နယ်အရေးကိစ္စဟာ နိုင်ငံတကာရဲ့ အထူးအာရုံစိုက်တာကိုခံရတာကြောင့်လည်း စိတ်မကောင်းစွာပဲ အဲဒီက အခြေအနေနဲ့ပတ်သက်လို့ အချက်အလက်တွေ ပြည့်စုံမှုမရှိတဲ့အပြင် ခိုင်လုံမှုမရှိတဲ့ စွပ်စွဲချက်တွေကြောင့် အထင်အမြင် လွဲှမှားစေတဲ့ အချက်တွေကို လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာမှာ တွေ့ရှိရပြီး ဒါဟာ အမှန်တရားကို ပုံဖျက်တဲ့ဘက်ကို ဦးတည်စေခဲ့ပါတယ်။”

လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို အမြန်ဆုံးစတင်ဖို့ရှိကြောင်းလည်းသံအမတ်ကြီးက အခုလိုပြောပါတယ်။

“ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ဖြေရှင်းဖို့ ဒုက္ခသည်တွေ ဌာနေပြန်ပို့ရေး အစီအစဉ်ကို မဖြစ်မနေ တတ်နိုင်သမျှ အမြန်ဆုံးပြန်စမှာပါ။ မုတ်သုံရာသီ အစမှာ ဒုက္ခသည်တွေအပေါ် နောက်ထပ် ဘေးဒုက္ခအန္တရာယ်ကြီးကြီးမားမား ကျရောက်မှာကို ကျနော်တို့ စိုးရိမ်ပါတယ်။”

ဒါအပြင် မြန်မာအစိုးရအနေနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ ၂၀၁၈ခုနှစ် ဇန်နဝါရီလကတည်းက ဒုက္ခသည်တွေကို ပြန်ပြီးလက်ခံဖို့ အဆင့်သင့်ဖြစ်နေကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

“သဘောတူညီထားတဲ့ အစီအစဉ်အတိုင်း ၂၀၁၈ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက မြန်မာအစိုးရအနေနဲ့ စစ်ဆေးအတည်ပြုပြီးထားတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ ဌာနေကို ပြန်လာချင်ကြောင်း ထပ်ခါထပ်ခါ တင်ပြထားတဲ့ ဟိန္ဒူဘာသာဝင်ပေါင်း ၄၄၄ အပါအဝင် စစ်ဆေးအတည်ပြုထားတဲ့ ဒုက္ခသည်ပေါင်း ၁၂၀၀စာရင်းကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ထားပြီး ဖြစ်ပါတယ်။”

ကြီးမားလှတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းကြီးကို ရိုဟင်ဂျာ ဒုက္ခသည်တွေရင်ဆိုင်လာရတာ နှစ်နှစ် နီးပါးရှိလာနေတဲ့အပြင် ရခိုင်ပြည်နယ်ကအခြေအနေတွေဟာ အတော်လေးကို ဆိုးရွားလာခဲ့တာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အထင်အရှားတွေ့မြင်နေရကြောင်း ဥရောပသမဂ္ဂကိုယ်စားလှယ်က ညီလာခံမှာ အခုလို ပြောပါတယ်။

“ မြန်မာတပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ လူပေါင်း ၄၆,၀၀၀ ထက်မနည်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ဒီဒုက္ခသည်တွေကို အကူအညီပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ မဖြစ်မနေ အပြည့်အဝပေးခွင့်ပြုဖို့၊ ဒါအပြင် အဲဒီတိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ အကာအကွယ်မဲ့ဖြစ်နေတဲ့ နောက်ထပ် လူပေါင်း ၉၀,၀၀၀ အတွက် လိုအပ်နေတဲ့ အရေးပေါ်အကူအညီတွေ မဖြစ်မနေ ဖြည့်ဆည်းပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ အခုလဲ ထပ်ပြီး မြန်မာအစိုးရကို တောင်းဆိုတာက နိုင်ငံတွင်း ဒေသအစိတ်အပိုင်းအားလုံးကို အကန့်အသတ်တွေမလုပ်ပဲ၊ ကုလသမဂ္ဂက တာဝန်ပေးထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပြင်၊ FFM အချက်အလက်ရှာဖွေရေးအဖွဲ့၊ ဥရောပသမဂ္ဂနဲ့ OIC တို့က ပူးတွဲရေးဆွဲခဲ့တဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းပေးခဲ့တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ စတာတွေနဲ့လုပ်ငန်းစဉ်တွေကို ခွင့်ပြုဖို့ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ် (၉)ခုမှာ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းဖို့ မြန်မာအစိုးရကို ဥရောပသမဂ္ဂက တိုက်တွန်းကြောင်းလည်း ကိုယ်စားလှယ်က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG