သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး ကုလပျက်ကွက်ဟု Yanghee Lee အပြစ်တင်


မြန်မာနိုင်ငံလူထုကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂဘက်က ပျက်ကွက်နေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Ms.Yanghee Lee က ကုလအဖွဲ့ဝင် နိုင်ငံတွေကို အပြစ်တင်လိုက်ပါတယ်။ မြန်မာနိုင်ငံ ပဋိပက္ခဒေသတွေကို နိုင်ငံတကာ လူသားချင်း စာနာကူညီရေး နဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ အမြန် သွားရောက် ခွင့်ပေးဖို့နဲ့၊ လူ့အခွင့်အရေး ကျူးလွန်သူတွေကို ဦးဆုံး အရေးယူ ကိုင်တွယ် ဖို့ကိုလည်း ဒီနေ့ လုပ်တဲ့ ကုလ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး အတွင်း ကုလ ကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ဆက်ပြီး တင်ပြပေးပါမယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်အပေါ် အထူးသဖြင့် စစ်မက် ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက အခြေအနေတွေအပေါ်မှာ နိုင်ငံတကာအနေနဲ့ အထူး အလေးထား အရေးယူကိုင်တွယ်ဖို့ ကုလ အထူးကိုယ်စားလှယ် Ms. Yanghee Lee က တိုက်တွန်းပါတယ်။ Geneva မြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာတော့ သူ့အစီရင်ခံစာအပေါ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ မေးမြန်းချက်တွေကို ဒီကနေ့ ပြန်လည်ဖြေကြားတာပါ။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ ကုလသမဂ္ဂအနေနဲ့ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာကို အဓိကထားဖြေပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့လတုန်းက ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ သီးခြားလွတ်လပ်တဲ့ အစီရင်ခံစာတစောင်ကို သူက ပြန်ညွှန်းပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ မဖြစ်ခင်၊ အကြမ်းဖက်မှု အရှိန်တိုးလာနေတဲ့ အကြောင်း သတိပေးချက်တွေ ရှိတာကို ကုလသမဂ္ဂက လစ်လျူပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်း စုံစမ်းစစ်ဆေးဖို့ ဂွာတီမာလာ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂဆိုင်ရာ ဂွာတီမာလာ သံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ Gert Rosenthal ကို အတွင်းရေးမှူးချုပ် Antonio Guterres က ဒီနှစ် အစောပိုင်းက တာဝန်ပေးခဲ့တာပါ။ သူ့ တွေ့ရှိချက်မှာတော့ မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂဆောင်ရွက်ချက်တွေ ယိုယွင်းပြီး မအောင်မမြင် ဖြစ်တာကို အဓိက ထောက်ပြထားပါတယ်။ ဒီအချက်ကို Ms. Yanghee Lee က ပြန်ထောက်ပြီး ကုလအဖွဲ့ဝင်နိုင်ငံတွေကို ပြန်မေးခွန်းထုတ်ပါတယ်။

“ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂစနစ် မအောင်မမြင်ဖြစ်ရတာကို တွေ့လိုက်ရပါပြီ။ ဒါ အသစ်အဆန်း မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်တွေကို ပြန်သုံးသပ်ဖို့ ဆိုပြီး ကျမ ပြောခဲ့ပြီးသားပါ။ မစ္စတာ Rosenthal အစီရင်ခံစာထဲမှာ အဖွဲ့ဝင်နိုင်ငံတွေကြောင့် ကုလသမဂ္ဂ စနစ်မအောင်မမြင်ဖြစ်ရတယ်လို့လည်း သုံးသပ်ထားပါတယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံ တွေကို ကျမ မေးချင်ပါတယ်။ မြန်မာပြည်က လူတွေအားလုံးကို အကာအကွယ်ပေးဖို့ ဆက်ပြီး ပျက်ကွက်နေဦးမလားလို့ မေးလိုက်ချင်ပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ အခုအချိန်အထိ မအောင် မမြင်ဖြစ်နေတာဟာ မြန်မာအစိုးရဖက်က နိုင်ငံရေးအရ စိတ်ဆန္ဒမရှိလို့ဆိုပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ ကုလအဖွဲ့ဝင် နိုင်ငံအချို့က ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြပါတယ်။ Ms.Yanghee Lee ကတော့ ဒီကိစ္စမှာ ကျူးလွန်တဲ့တာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။

“ အဓိက တာဝန်ရှိတဲ့ကျူးလွန်သူတွေကို အရေးယူပါ။ နိုင်ငံသား အခွင့်အရေးအတွက် အာမခံချက် ပေးပါ။ ရိုဟင်ဂျာ အတော်များများက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ဖြစ်မလာခင်မှာ နိုင်ငံသား အခွင့်အရေး ရှိပြီးသားပါ။ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ ညွှန်ကြားချက်တွေ မူဝါဒတွေကို ပြန်သုံးသပ်ပြင်ဆင်ရပါမယ်။ ဒါပြီးရင်တော့ လွတ်လပ်စွာသွားလာခွင့်နဲ့ အခြားအခြေခံ ရပိုင်ခွင့်တွေကို ခံစားခွင့်ပေးရပါမယ်။”

အင်ဒင်း အစုအပြုံလိုက်သတ်ဖြတ်မှုမှာ တာဝန်ရှိတဲ့ စစ်သားတွေကို တနှစ်မပြည့်ခင်မှာတင် မထင်မရှား ပြန်လွှတ် ပေးခဲ့တာကို ကုလ ကိုယ်စားလှယ်က ထောက်ပြပါတယ်။ ဒါ့အပြင် ဒီ အမှုကို ဖော်ထုတ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ သတင်းထောက်နှစ်ဦးကို သမ္မတ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ခဲ့တာဖြစ်ပြီး၊ သူတို့အပေါ် ပြစ်ဒဏ်ချထားတဲ့ စွဲချက်ကနေ ပြန်ရုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ အခု လက်ရှိ မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာဖြစ်နေတဲ့ အကြပ်အတည်းတွေနဲ့ ပတ်သက်လို့လည်း အဲဒီဒေသတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ သွားရောက်ခွင့်ပေးဖို့ Ms.Yanghee Lee က တောင်းဆိုခဲ့ပါတယ်။

“ လူသားချင်းစာနာကူညီရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးစောင့်ကြည်သူတွေ နိုင်ငံတကာ သတင်းမီဒီယာသမားတွေကို အဲဒီ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေဆီကို သွားရောက်ခွင့်ပေးသင့်ပါတယ်။ အဲဒီ ပဋိပက္ခဒေသတွင်းက ပြည်သူတွေဟာ လူသားချင်းစာနာမှုအကူအညီတွေကို မရတာ ၇ နှစ် ၈ နှစ်လောက်ရှိနေပါပြီ။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ ဒီ လုပ်ငန်းစဉ်မှာ လူမှုအသိုက်အဝိုင်း အစုအဖွဲ့အားလုံးကို ပါဝင်ခွင့်ပေးဖို့နဲ့၊ အထူးသဖြင့် အမျိုးသမီးတွေ ပါဝင်မှုပေးဖို့လိုမယ်လို့ သူက အကြံပြုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG