သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်မတော်နဲ့ AA ကျူးလွန်မှု စစ်ရာဇဝတ်မှုဖြစ်နိုင်ကြောင်း Yanghee Lee သုံးသပ်


မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee
မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်တို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှု မြောက်ကောင်း မြောက်နိုင်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အင်္ဂါနေ့မှာ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ လူ့အခွင့်အရေး တိုးတက်ရေး အတွက် ပြင်ဆင်ရမယ့် အချက်တွေကိုလည်း အကြံပြုတင်ပြသွားပါတယ်။ မြန်မာ့ အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို မြန်မာ သံအမတ်ကြီးကလည်း တုံ့ပြန်သွားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်း ဒီလပိုင်းတွေ အတွင်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ တပ်မတော်တို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ဂျီနီဗာမှာ ကျင်းပနေတဲ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အင်္ဂါနေ့က တင်ပြသွားတာပါ။

“ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းတို့မှာ AA - ရခိုင်လက်နက်ကိုင်တပ်နဲ့ ပဋိပက္ခတွေက လနဲ့ချီ ရှိလာပြီ ဖြစ်ပြီး အရပ်သားတွေ အပေါ် အကြီးအကျယ် ထိခိုက်စေပါတယ်။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA တို့ရဲ့ လုပ်ရပ် အများအပြားက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေပြီး စစ်ရာဇဝတ်မှုထိ ဖြစ်ကောင်း ဖြစ်နိုင်သလို လူ့အခွင့်အရေးလည်း ချိုးဖောက်နေပါတယ်။”

ရခိုင်လက်နက်ကိုင်တပ် AA ဘက်ကလည်း အရပ်သားတွေကို ပြန်ပေးဆွဲတဲ့ အစီရင်ခံချက်တွေ ရှိနေပြီး ဒီထဲမှာ ပလက်ဝက ဆောက်လုပ်ရေး လုပ်သား ၁၂ ဦး၊ နောက် ဘင်္ဂလားဒေရှ့် နယ်စပ်က ရွာသား ၅၂ ဦးတို့လည်း ပါတယ်လို့ မစ္စ ယန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ဧပြီလတုန်းကတော့ မြန်မာ စစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ သေနတ်နဲ့ ပစ်တာကြောင့် ဝါးခုတ်နေကြတဲ့ ရိုဟင်ဂျာ အမျိုးသားနဲ့ ယောက်ကျာ်းလေး တချို့ သေဆုံးခဲ့ရတယ်လို့လည်း တင်ပြသွားပါတယ်။ ဒီနှစ် အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေအတွင်း စစ်ရှောင် ထွက်ပြေးရသူ ၃၅,၀၀၀ လောက် ရှိပြီလို့လည်း ထောက်ပြသွားပါတယ်။ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေ မငြိမ်းသေးသလို အရပ်သား သေဆုံးဒဏ်ရာရမှုတွေ၊ ဖမ်းဆီး စစ်ဆေးခံရမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြည်သူတွေရဲ့ ပါဝင်မှု၊ နောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့် ရနေတယ်လို့ တင်ပြသွားပါတယ်။

“မြန်မာ့ အသွင်ကူးပြောင်းရေး ကာလမှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူတွေကတော့ ဒီမိုကရေစီ ကျင့်သုံးမှု ကျယ်ပြန့်လာတဲ့အပေါ်မှာ ကျေနပ်နေကြပါတယ်။ တိုးတက်မှုတွေ အပေါ်မှာလည်း ပြင်ပကနေ လေ့လာစောင့်ကြည့်သူတွေနဲ့ ရှုမြင်ပုံခြင်း ကွဲပြားပါတယ်။ မြန်မာနိုင်ငံက ဒေသစုံ၊ အလွှာစုံက လူတွေရဲ့ အသံတွေကိုလည်း အစိုးရက သိရှိနေပါတယ်။ အစိုးရဘက်က လူထုနဲ့ ပုံမှန် ထိတွေ့မှုလည်း ရှိပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ မီဒီယာ ကိစ္စကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေထဲက တခုဖြစ်ပါတယ်။ မိုလ်ဘိုင်းလက်ကိုင်ဖုန်း အသုံးပြုမှုကလည်း ဒေသတွင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ယက် မီဒီယာတွေ အသုံးပြုခွင့် အပေါ် ပိတ်ပင်ကန့်သတ်ချက် မရှိပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ အနေနဲ့ လုံခြုံရေးနဲ့ လွတ်လပ်မှု၊ အခွင့်အရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုကိုတော့ ချိန်ညှိထားနိုင်အောင် လုပ်ရပါတယ်။”

တိုက်ပွဲတွေ ဖြစ်နေတဲ့ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတချို့မှာ မြန်မာ အစိုးရက အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အပေါ် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အင်္ဂါနေ့ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မြန်မာ့ အရေးတင်ပြခဲ့တာမှာတော့ စစ်တပ်ဘက်က စစ်တိုင်းဒေသတွေမှာ အပစ်အခတ် ရပ်စဲထားတဲ့အကြောင်း၊ ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်အရေး ဖြေရှင်းနေတဲ့ အခြေအနေတွေကိုလည်း မြန်မာဘက်က တင်ပြသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကတော့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်စေဖို့၊ လာမယ့် အထွေထွေ ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး မျှတမှု ရှိရေး အတွက် ပြင်ဆင်ရမယ့် ဥပဒေတွေကိုလည်း အခုလို ထောက်ပြသွားပါတယ်။

“ပထမဆုံး အနေနဲ့ ပုဒ်မ ၁၉နဲ့ ၂၀ - ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်တာ ဒါမှမဟုတ်လည်း ဖျက်သိမ်းရပါမယ်။ NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ ဦးရွှေမန်းထံကို ကျမ တင်ပြခဲ့တဲ့ ဥပဒေ ၂၀၀ ထဲမှာ ဒီဥပဒေက တခု အပါအဝင် ဖြစ်ပါတယ်။ ဒီ ကိုလိုနီခေတ်က ဥပဒေ တချို့က ပြန်လည် သုံးသပ်ရမှာပါ။ ပုဒ်မ ၅၀၅ (က) ပြစ်မှုဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ရပါမယ်။ ပုဒ်မ ၆၆ (ဃ) ဆက်သွယ်ရေး ပုဒ်မ ဆိုရင်လည်း ပြန်လည် သုံးသပ်ရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီပုဒ်မတွေက သဘောထား ကွဲလွဲမှုတွေကို ကန့်သတ်ပိတ်ပင်ထားပါတယ်။ လူတွေ ထုတ်ဖော် ပြောဆိုမှုကို ကန့်သတ်ထားပါတယ်။ သူ့တို့ရဲ့ လိုလားချက်တွေကို ထုတ်ဖော်ပြောဆိုမှု၊ သူတို့ ဆန္ဒတွေကို ထုတ်ဖော် ပြောဆိုမှုတွေကို ဒီဥပဒေတွေကို သုံးပြီး လူတွေကို ဖမ်ဆီး တရားစွဲဆို ထိန်းသိမ်းနေပါတယ်။”

ရိုဟင်ဂျာ ပဋိပက္ခအရေး ဖြေရှင်းတဲ့နေရာမှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံဘက်က အခုထက်ပိုပြီး အားထည့် ဆောင်ရွက်ဖို့ကိုလည်း မစ္စယန်ဟီးလီက တိုက်တွန်းပါတယ်။

“မြန်မာ့ အရေးမှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ဘက်က ပိုပြီး ဆောင်ရွက်လာတဲ့အပေါ်မှာ ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ ပြောခဲ့သလိုပါပဲ ကျမ အနေနဲ့ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ရဆိုတဲ့မူကို အထူးပဲ လေးစားပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေက ရခိုင်ပြည်နယ်ရဲ့ အပြင်ထိကို ရောက်ပြီး ဒေသတွင်းဆိုင်ရာ အခြေအနေ တခု ဖြစ်နေပါပြီ၊ နောက် ကမ္ဘာ့အရေးထိ ဖြစ်လာနိုင်ခြေလည်း ရှိနေတာကြောင့် ပြည်တွင်းရေး ဝင်မစွက်ရဆိုတဲ့ မူကို အာဆီယံ အနေနဲ့ ပြင်ဆင်ဖို့ စဉ်းစားရဖွယ် ရှိတယ်လို့ ကျမ ထင်ပါတယ်။ ဥပေက္ခာမပြုရေး မူကို စဉ်းစားကောင်း စဉ်းစားဖို့လိုမယ်လို့လည်း ကျမ အကြံပြုချင်ပါတယ်။”

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကိုလည်း ပြည်ဝင်ခွင့် ပိတ်ထားတာပါ။ ဒါ့အပြင် အထူးကိုယ်စားလှယ် တဦးနဲ့ အစားထိုးပေးဖို့လည်း မြန်မာဘက်က တောင်းဆိုသွားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်းဟီလီကတော့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံ တင်ပြဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG