သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် Biometric မှတ်ပုံတင် ပြုလုပ်

ရိုဟင်ဂျာ ဒုက္ခသည်များ (Courtesy Image)
ရိုဟင်ဂျာ ဒုက္ခသည်များ (Courtesy Image)

ဘင်္ဂလားဒက်ရှ်မှာ နေနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅သိန်းကျော်ဟာ သူတို့အတွက် ပေးတဲ့ အကူအညီတွေ အခက်အခဲမရှိဘဲ ရနိုင်တဲ့ သက်သေခံအထောက်အထားတွေကို လုပ်ပေးထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ဒီအကြောင်း UNHCR ဌာနချုပ်ရှိရာ ဂျနီဗာကနေ Lisa Schlein က သတင်းပေးပို့ထားတာကို ဆက်ပြီး ပြောပြပေးပါမယ်။


ခန့်မှန်းခြေ ရိုဟင်ဂျာ ၉ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် က Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ညစ်ညစ်ပတ်ပတ်နဲ့ ပြွတ်သိပ်ကြပ်ညပ်ပြီး နေနေကြပါတယ်။ အများစုက လွန်ခဲ့တဲ့နှစ်နှစ်က မြန်မာပြည်အတွင်းက အကြမ်းဖက်မှုနဲ့ ဖိစီးနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာသူတွေ ဖြစ်ကြပါတယ်။

ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒက်ရှ်နိုင်ငံတို့ရဲ့ ပူးတွဲအစီအစဉ်တရပ်အဖြစ် ပထမဆုံးအကြိမ် ဒုက္ခသည် ၅ သိန်းကျော်ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံတွေ ထုတ်ပေးပါတော့မယ်။

အချက်အလက်တွေကို အတုလုပ်မရတဲ့ ဘိုင်အို မက်ထရစ်လို့ခေါ်တဲ့ ဇီဝသက်သေခံအထောက်အထားတွေကို လူဦးရေ စစ်တာနဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို ပေးရာမှာ ပိုပြီး ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ နိုင်ငံ့အာဏာပိုင်အဖွဲ့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဆွေတွေက ပူးပေါင်းပြီး ထုတ်ပေးမှာဖြစ်ပါတယ်။ UNHCR ပြောခွင့်ရ Andrej Mahecic က အခုလို သက်သေခံအထောက်အထားတွေဟာ သူတို့ိရဲ့ အသေးစိတ်လိုအပ်ချက်တွေကိုသိရှိနိုင်ဖို့ အကူအညီ ပေးနေတဲ့အဖွဲ့တွေအတွက် ပိုပြီးထိရောက်အောင် ပံ့ပိုးပေးနိုင်မှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“အခုလို ဘိုင်အိုမက်ထရစ်နည်းနဲ့ မှတ်ပုံတင်ပေးတဲ့ အဓိက ရည်ရွယ်ချက်က ရိုဟင်ဂျာတွေ နေရပ် ပြန်ခွင့်ကို အကာ ကွယ်ပေးဖို့က အဓိကအကျဆုံး ဖြစ်ပါတယ်။ ဒါဟာ ပိုပြီးကောင်းတဲ့အစီအစဉ်တွေ အတွက်၊ နောက်ပြီး အကူအညီပေး ရေးမှာ ဥပမာပြောရရင် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ ဘာလိုအပ် မလဲ ဆိုတဲ့ အသေးစိတ်ကျတဲ့ ထောက်ပံ့ ကူညီမှုတွေအတွက် ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်။”

ဒီမှတ်ပုံတင်အသစ်တွေမှာ သူတို့ရဲ့ မူရင်းနိုင်ငံကို မြန်မာလို့ ဖော်ပြထားကြောင်းလည်း Mahecic က ပြောပါတယ်။ တကယ်လို့ သူတို့ရဲ့နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်မယ်လို့ ဆုံးဖြတ်ရင် သူတို့ကို နေရာချထားပေးဖို့နဲ့ သူတို့ရဲ့ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် ဒီသက်သေခံကဒ်ဟာ အရေးကြီးကြောင်း Mahecic က ရှင်းပြပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံထဲက အခြေအနေဟာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံတဲ့ အနေ အထားမျိုးရှိတယ်လို့ သူတို့ မယုံကြည်ကြောင်း UNHCR နဲ့ တခြား လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေက ပြောကြပါတယ်။

ဒီမှတ်ပုံတင်လုပ်ငန်းကို ၂၀၁၈ ခု၊ ဇွန်လကတည်းက စတင်လာခဲ့တာပါ။ အခုဆိုရင် ပျှမ်းမျှအားဖြင့် တနေ့ကို ဒုက္ခသည် ၅ ထောင်ကို မှတ်ပုံတင်တွေ ထုတ်ပေးနေတာပါ။ Cox’s Bazar မှာ မှတ်ပုံတင်မရသေးတဲ့ လူ ၄ သိန်းဝန်းကျင်လောက်ကို ဒီနှစ်ကုန်ပိုင်းမှာ အပြီး ထုတ်ပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း UNHCR က ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် Biometric မှတ်ပုံတင် ပြုလုပ်
please wait

No media source currently available

0:00 0:02:57 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG