သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ အန္တရာယ် ဘင်္ဂလား သံအမတ် ထောက်ပြ


ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် ဒီဒုက္ခသည်တွေကို ဌာနေပြန်ပို့ပြီး ပြဿနာကို စောစောဖြေရှင်းကြဖို့ အိန္ဒိယနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Syed Muazzem Ali က ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည်တွေ ဌာနေပြန်ပို့ရေးဆိုင်ရာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သဘောတူညီမှု ရထားတာကို ထိရောက်စွာ အမြန်ဆုံး အကောင်ထည် ဖေါ်မယ်လို့ သူမျှော်လင့် ထားကြောင်းလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမှာ သြဂုတ်လ ၈ ရက်နဲ့ ၉ ရက်တွေမှာ ကျင်းပတဲ့ ' Tackling Insurgent Ideologies' လက်နက်ကိုင်ပုန်ကန်မှု အတွေးအခေါ် တိုက်ဖျက်ရေး ညီလာခံမှာ ပြောကြားခဲ့တာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ပို့ရေးနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးထားတဲ့ ၂ ဖက်သဘောတူညီချက် ၃ ခု ရှိပေမယ့် အလုပ်မဖြစ် သေးဘူးလို့လည်း သံအမတ်ကြီး Ali ကပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ထွက်ပြေးခိုလှုံသူတွေကို ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောထားတာပါ။

၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးခိုလှုံလာသူ ၇ သိန်းကျော် ရှိခဲ့ပြီး လက်ရှိမှာ ရိုဟင်ဂျာ ၁.၁ သန်းလောက် ဘင်္ဂလားဒေ့ရှ် မှာ ရှိနေတာပါ။ အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားမှာ နေထိုင်တဲ့ ရိုဟင်ဂျာ တွေကတော့ ၄၀၀၀၀ လောက် ရှိနေတာဖြစ်ပါတယ်။

သူတို့ဟာ အစွန်းရောက်တွေအသုံးချဖို့ ပစ်မှတ်ဖြစ်လာနိုင်ကြောင်းနဲ့ အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရိုဟင်ဂျာ တသန်းကျော် ရှိလာတာဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်ပြီး အထူးသဖြင့် ဒေသတွင်းကို ထိခိုက်စေနိုင်တယ်လို့လည်း သံအမတ်ကြီး Ali ကပြောပါတယ်။

ဒီပြဿနာဟာ မြန်မာနိုင်ငံမှာ စတာဖြစ်တဲ့အတွက် မြန်မာမှာပဲ အဖြေရှာနိုင်မှာ ဖြစ်ကြောင်းနဲ့ နိုင်ငံမဲ့ ဖြစ်နေတဲ့ ဒီရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့လာခဲ့တဲ့ နေရာမှာ အခြေတကျ အမြန်ဖြစ်လာလေ ပိုကောင်းလေဖြစ်ပြီး ဒီလို အခြေမကျရင်တော့ ဒေသတွင်းအတွက်ရော တခြားဒေသတွေ အတွက်ပါ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG