သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာအစိုးရတာဝန်ခံဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာအစိုးရအနေနဲ့ တရားဥပဒေအတိုင်းဖြစ်အောင် လုပ်ရမယ်လို့ မလေးရှားနိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။ ဒါမှသာလျှင် စစ်တပ်ရဲ့ ရက်စက်တဲ့ နှိမ်နင်းမှုကြောင့် တိုင်းပြည်ကနေ ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာ နိုင်ငံကို ဘေးရန်ကင်းစွာ ပြန်လာနိုင်မယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဒီရက်ပိုင်းအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကျင်းပဖို့ ရှိနေချိန်မှာ ပဲ မလေးရှားနိုင်ငံခြားရေးဌာနက အခုလိုပြောလိုက်တာပါ။ ဒါ့အပြင် ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းသူဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသွားပြီး ဒုက္ခသည်တွေနဲ့ရော၊ တာဝန်ရှိသူတွေ နဲ့ပါ ဆွေးနွေးပြောဆိုနေချိန်လည်းဖြစ်ပါတယ။်

ဒီအကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး သင့်တင့်လျောက်ပတ်တဲ့ အခြေအနေကို ဖန်တီးနိုင်ရေးမှာ တာဝန်ခံမှုရှိဖို့ကိစ္စဟာ မရှိမဖြစ် အရေးပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဌာနက AP သတင်းဌာနကိုပေးပို့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်မှာ ARSA အဖွဲ့က နယ်စပ်လုံခြုံရေးစခန်းတွေကို ဝင်တိုက်ပြီးတဲ့နောက် မြန်မာ့တပ်မတော်က ရှင်းလင်းရေးလုပ်တာ ကနေ ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတာပါ။ အဲဒီစစ်ဆင်ရေးအတွင်း မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စွပ်စွဲထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကရော တပ်မတော်ကပါ စွပ်စွဲချက်တွေကို ငြင်းထားပြီး သီးခြား အဖွဲ့တွေ ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG