သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေး ဂျပန် အကူအညီပေးလို


ဂျပန် နိုင်ငံခြားရေးဝန်ကြီး Taro Kono ရိုဟင်ဂျာဒုက္ခသည် စခန်းအတွင်းလေ့လာ
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Taro Kono ရိုဟင်ဂျာဒုက္ခသည် စခန်းအတွင်းလေ့လာ

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကို အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ကြားဝင်ဆောင်ရွက်ပေးလိုကြောင်း ဂျပန်နိုင်ငံက အင်္ဂါနေ့မှာ အဆိုပြုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. A.K. Abdul Momen နဲ့ အင်္ဂါနေ့မှာ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး Taro Kono က အဲဒီလို အဆိုပြုလိုက်တာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာဘက်က လိုအပ်တာတွေ လုပ်ဆောင်ပေးဖို့ကိုလည်း ဝန်ကြီးနှစ်ဦးက ထည့်သွင်း ပြောကြားခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ဝန်ကြီး Taro Kono ဟာ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပဋိပက္ခကို ကူညီဖြေရှင်းပေးရေး အပါအဝင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းလုပ်ငန်းစဉ်တွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေမှာ ဂျပန်က ကူညီပေးသွားမယ့်အရေးတွေကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန် ပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာဒုက္ခသည်တွေ ဝင်ရောက်လာမှု နည်းသွားပေမယ့် အခုချိန်ထိ လာနေကြဆဲဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် တရားရေးဝန်ကြီး Anisul Huq က ကုလသမဂ္ဂကို အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒုက္ခသည်တွေ ဌာနေပြန်လာနိုင်ရေး ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြားက ဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံအပြီးမှာ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက တနင်္လာနေ့က ပြောပါတယ်။ မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့အဖွဲ့ဟာ Cox's Bazar က ကူတူးပလောင်စခန်းအတွင်းမှာရှိတဲ့ ဒုက္ခသည် ခေါင်းဆောင်တွေနဲ့လဲ တွေ့ဆုံခဲ့ပြီး ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ၂ ရက်ကြာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG