သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးကျွမ်းကျင်သူ ဂျပန်သံတမန် ဓားထိုးခံသေဆုံးမှု အတွက် ဝမ်းနည်းကြေကွဲ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် အတွင်းမှာ တွေ့ရတဲ့ Satoshi Oyama (Source: Asahi Shimbun file photo)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် အတွင်းမှာ တွေ့ရတဲ့ Satoshi Oyama (Source: Asahi Shimbun file photo)

မေလ ၂၈ ရက် အင်္ဂါနေ့ မနက် ၇ နာရီ ၄၀ မှာ ဂျပန်နိုင်ငံ ကာဝါဆာကီမြို့က မူလတန်းကျောင်းအနီး ဓားထိုး အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ရာမှာ သေဆုံးသူ တစ်ဦးဟာ မြန်မာ စကားကို ကောင်းကောင်း ပြောဆိုနိုင်တဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျပန်သံတမန် Mr. Satochi Oyama ဖြစ်ပါတယ်။ Mr. Oyama ဟာ ဂျပန်-မြန်မာ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် သူသေဆုံးတာဟာ ဂျပန်ပြည်သူတွေ အတွက်ရော မြန်မာပြည်သူတွေ အတွက်ပါ ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်လို့ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီ အကြောင်းကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

တိုကျိုမြို့အနီး ကာဝါဆာကီမြို့ Caritas Catholics မူလတန်း ကျောင်းအနီးမှာ လူတစ်ဦးက အရှည် ၁၁ လက်မရှိ ဓားနှစ်လက်ကိုင်ဆောင်ပြီး ကျောင်းသူကျောင်းသားတွေကို တိုက်ခိုက်ခဲ့ရာမှာ ၁၁ နှစ်အရွယ် Hanako Kuribarashi အမည်ရှိ မိန်းကလေး တစ်ဦးနဲ့ အသက် ၃၉ နှစ်အရွယ် Mr. Satochi Oyama သေဆုံးခဲ့သလို တစ်ခြား ၁၇ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဂျပန် အာဏာပိုင်တွေက အသက် ၅၁ နှစ် အရွယ်ရှိတဲ့ ဓားထိုး အကြမ်းဖက် တိုက်ခိုက်သူ Ryuichi Iwasaki ဟာလည်း သူ့လည်ပင်းသူထိုးပြီး အဆုံးစီရင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အခုလို ဝမ်းနည်းစကား ပြောကြားခဲ့ရပါတယ်။

“ ဓားထိုးခံရသူတွေထဲမှာ လူမမယ် ကလေးငယ်တွေ ပါဝင်နေတာကြောင့် ဒါဟာ နာကျည်းစရာနဲ့ မခံချိမခံသာ ဖြစ်စရာကောင်းတဲ့ အဖြစ်အပျက် တစ်ခုပါ။ သေဆုံးသူတွေအတွက် ကျွန်တော် ဆုတောင်းပေးနေသလို သူတို့ရဲ့ မိသားစုအတွက်လည်း ဝမ်းနည်း စကားပါးချင်ပါတယ်။”

ဆဌမတန်းကျောင်းသူ Hanako Kuribarashi နဲ့အတူ သေဆုံးခဲ့ရတဲ့ Mr Satoshi Oyama ဟာ သူ့ရဲ့ ကလေးလို့ ကျောင်းပို့ ဖို့အသွား ဓားထိုးခံခဲ့ရတာပါ။ သူဟာ မြန်မာစကား ကောင်းကောင်း ပြောတတ်သလို မြန်မာ အရေး ကျွမ်းကျင်သူ တစ်ဦး ဖြစပါတယ်။ လက်ရှိ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ထောက် ညွှန်ကြား ရေးမှူး တစ်ဦးပါ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kana က Satoshi Oyama သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းနဲ့ Oyama ဟာ ပါရမီရှင် မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရေးရာ ကိစ္စရပ်တွေမှာ ဦးဆောင်မယ့်သူတစ်ဦး အဖြစ် မျှော်လင့်ထားခဲ့ကြောင်း ပြောပါတယ်။ Satoshi Oyama ရဲ့ တခြား အထက်လူကြီးတစ်ဦးကလည်း Oyama သေဆုံးမှုဟာ ဂျပန်နိုင်ငံရဲ့ သံတမန်ရေးကိစ္စကို ထိခိုက်စေမှာ ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မြန်မာ့ရေးရာ တာဝန်ခံ ဝန်ထမ်း ၂ ဦးသာရှိပြီး Oyama ရဲ့ ဌာနခွဲဟာ အမြဲ အလုပ်များနေလေ့ရှိကြောင်း ပြောပါတယ်။

Satoshi Oyama ဟာ၂၀၁၃ ခုနှစ်တုန်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ချစ်ကြည်ရေး ခရီးသွားစဉ်ကနဲ့ ၂၀၁၄ ခုနှစ်မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida မြန်မာ နိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာမှာ စကားပြန်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သေဆုံးသူ Satoshi Oyama ဟာ မြန်မာ-ဂျပန် ရင်းနှီးမှုနဲ့ နှစ်နိုင်ငံ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူဖြစ်သလို ဂျပန်-မြန်မာ ယဉ်ကျေးမှုနဲ့ ပြည်သူ နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြင့်အောင် ဆောင်ရွက်ပေးခဲ့သူ သံတမန်ကောင်း ဖြစ်တယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးဟောင်းTateshi Higuchi က အရည်အချင်းပြည့်မီသူ၊ နှိမ့်ချ ဖော်ရွေသူ၊ ပါရမီရှင် စတဲ့စကားလုံးတွေအားလုံး Oyama ရဲ့ ပင်ကိုယ် အရည်အသွေးနဲ့ အကြုံးဝင်တယ်လို့ ပြောသလို Oyama ဟာ သိပ်ကို အားကိုးရသူဖြစ်တယ်လို့လည်း ပြောပါတယ်။ Oyama နဲ့ သူ့ရဲ့ ဇနီးတို့ နှစ်ဦးစလုံးဟာ တိုကျို တက္ကသိုလ်၊ နိုင်ငံခြားဘာသာဌာနက ဘွဲ့ရရှိခဲ့ ကြပြီး ဇနီး ဖြစ်သူဟာလည်း မြန်မာ့အရေးကို စိတ်ဝင်တစား သိရှိသူ ဖြစ်တယ်လို့ ပြောပါတယ်။ သူသေဆုံးရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမျိုးသမီးက အဖြစ်အပျက်ဟာ မြန်ဆန်လွန်းကြောင်း၊ သူ သိပ် ဝမ်းနည်းလွန်းလို့ ဘာကိုမှ ဖြောင့်ဖြောင့်တန်းတန်း မစဉ်းစားနိုင်တော့ကြောင်း သတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီဌာန ဝက်ဘ်ဆိုဒ်မှာ Oyama ဟာ ၂၀၀၄ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၀၇ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကို စေလွှတ်ခြင်းခံရပြီး သံရုံးမှာ ရံဖန်ရံခါ စကားပြန်အဖြစ် တာဝန်ယူရတယ်လို့ ဖော်ပြထားပါတယ်။ Oyama ကွယ်လွန်သွားတာဟာ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ဂျပန်မှာရှိတဲ့ မြန်မာလူမှု အသိုင်းအဝိုင်းက ခံယူကြကြောင်း တိုကျိုမြို့က မြန်မာ့အရေး လှုပ်ရှားသူ ဦးကျော်ကျော်စိုးက ပြောပါတယ်။

“ သူက အဲဒီ ကာဝါဆာကီမြို့မှာ ရှိတဲ့ Noborito ဆိုတဲ့ ရထား ဘူတာနားမှာ ပုဂ္ဂလိက မူလတန်းကျောင်း တကျောင်းကို သူ့ကလေးတွေ ကျောင်းကိုသွားတဲ့ ဘတ်စ်ကားဂိတ် ရှိပါတယ်။ အဲဒီ ဘတ်စ်ကား ဂိတ်မှာ ကလေးတွေ နေ့ ကျောင်းသွားဖို့ဆို လာစောင့်ရတာ။ သူလည်း အဲဒီနားမှာ ကလေးတွေ နားမှာ ရပ်နေတယ်။ ၁၀ စက္ကန့် စက္ကန့် ၂၀ လောက် အကြာမှာ နောက်ကျောကနေ ဓားနဲ့ထိုးသွားတာ အဲလိုဖြစ်ရတာပါ။ ဆေးရုံမှာ ဆုံးတာပါ။ သူက ဗမာ ကွန်မြူနတီနဲ့လည်း ထိတွေ့ ဆက်ဆံမှုက များတယ်။ ကျနော်တို့ မြန်မာ ကွန်မြူနတီ အသိုင်းအဝိုင်းကြားမှာလည်း သူ့အတွက် အမှတ်တရလေးတွေ စိတ်မကောင်းတာတွေ အတော်များများ ဖြစ်ကြပါတယ်။”

Oyama နဲ့ လူမမယ် ကျောင်းသားကလေးငယ်တွေကို ဘာကြောင့် ဓားနဲ့ ထိုးရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ခုထိ မသိရှိရသေးပါဘူး။ Kawasaki မြို့ တာဝန်ရှိသူတွေက ဓားနဲ့လိုက်ထိုးသူ Iwasaki ဟာ အသက် ၈၀ ကျော် အရွယ်ရှိ အဒေါ်နဲ့ ဦးလေးတို့နဲ့ ကပ်နေသူဖြစ်ကြောင်း၊ သူ အလုပ် မလုပ်တာ ကြာပြီဖြစ်ကြောင်း၊ တစ်ဦးတည်းနေလေ့ရှိပြီး ၊ သူ့ရဲ့ မိသားစုဆီက ရာဇဝတ် ကျူးလွန်နိုင်တဲ့သတင်း တစ်ခါမှ မကြားရကြောင်း အခု အဖြစ်အပျက်အပေါ် အံ့သြ တုန်လှုပ်မိကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG