သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ် ဒုတိယနေ့


ဂျပန် NHK သတင်းဌာနက Orie Sugimoto က ဒေါ်အောင်ဆန်းစုကြည်ကို တိုကျိုမြို့ Hotel New Otani မှာ တွေ့ဆုံ အင်တာဗျူး။
ဂျပန် NHK သတင်းဌာနက Orie Sugimoto က ဒေါ်အောင်ဆန်းစုကြည်ကို တိုကျိုမြို့ Hotel New Otani မှာ တွေ့ဆုံ အင်တာဗျူး။

ဂျပန်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရခဲ့ရင် ဂျပန်မှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တွေရဲ့ အခက်အခဲကို တင်ပြသွားဖို့ ရှိတယ်လို့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေး နဲ့ ပတ်သက်လို့ နိုင်ငံတကာ ဖိအားတွေကြုံနေချိန်မှာ ဒုက္ခသည်တွေ ရခိုင်ပြည်နယ်ထဲ ပြန်လာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြ တောင်းဆိုဖို့ ပြင်ဆင်နေကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဂျပန်နိုင်ငံကို တတိယအကြိမ်မြောက် (၆)ရက်ကြာ ခရီးစဉ်အဖြစ် တိုကျိုမြို့ကို သောကြာညနေပိုင်းက ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စနေ ဒီကနေ့မှာတော့ ဂျပန်အစိုးရပိုင် NHK သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှု လုပ်ခဲ့ပြီး မနက်ဖြန်မှာ နယ်မြို့က စက်ရုံတခုကို သွားရောက်လေ့လာဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို မပြတ်စောင့်ကြည့်နေတဲ့ တိုကျိုမြို့နေ ဦးထွန်းဝေက ပြောပါတယ်။

“ ဒီနေ့ NHK နဲ့အင်တာဗျူးက လက်ရှိ ဒေါ်အောင်ဆန်းစုကြည် တည်းနေတဲ့ Yotsuya ဟိုတယ် (Hotel New Otani Tokyo)မှာ အင်တာဗျူး ပါတယ်ခင်ဗျ။ နောက်တခုက ဂျပန်မှာရှိတဲ့ မြန်မာသံရုံး ဝန်ထမ်းတွေကို အဲဒီဟိုတယ်မှာ ခေါ်ယူတွေ့ဆုံ အမှာစကားပြောကြားတယ်။ နောက် ညစာ စားတယ်လို့သိရပါတယ်။ မနက်ဖြန် အစီစဉ်ကတော့ နယ်ဘက်က Hitachi စက်ရုံကို လေ့လာရေးသွားမယ်လို့ သိရပါတယ်။”

NHK က မေးမြန်းစဉ်အတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆက်ဆံရေး တိုးတက်မှုအခြေအနေ၊ မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နဲ့ (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးက ရလာနိုင်မယ့် အကျိုးရလဒ်တွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ စတာတွေကို ဖြေကြားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့ရဲ့ ဖိတ်ကြားချက်အရ အောက်တိုဘာ ၉ရက်နေ့ ကျင်းပမယ့် (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်း အဝေး တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကိုရောက်ရှိနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အကြီးအကဲ မဖြစ်ခင်က NLD ပါတီခေါင်းဆောင်အဖြစ်နဲ့ ဂျပန်နိုင်ငံကို တကြိမ်သွားရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့ရဲ့ဖိတ်ကြားချက်အရ ၂၀၁၆ မှာတကြိမ်၊ အခု ၂၀၁၈မှာတကြိမ် ဂျပန်နိုင်ငံကို သွားရောက်ခဲ့တာပါ။ ဒေါ်စုရဲ့ ပထမဦးဆုံး ဂျပန်ခရီးစဉ်အတွင်းမှာသာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက လွတ်လပ်စွာ တွေ့ဆုံခွင့် ရခဲ့ပြီး၊ နောက်ပိုင်းမှာ တွေ့ခွင့်မရကြဘူးလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ရင် ဂျပန်ရောက် မြန်မာနိုင်ငံသား တွေရဲ့အခက်အခဲကို တင်ပြသွားဖို့ ရှိတယ်လို့ တိုကျိုမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးသန်းဆွေက ရှင်းပြပါတယ်။

“ ကျနော်တို့ ဒီဂျပန်မှာရှိတဲ့ မြန်မာသံအမတ်ကြီးက ဂျပန်နိုင်ငံမှာရှိနေတဲ့ မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ဆုံ စကားပြောမယ့် ကိစ္စကို ပိတ်ဆို့နေတယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရင်က ကျနော်တို့ ပြောထားတဲ့အတိုင်းပဲ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံသားပတ်စ်ပို့ လက်ဝယ်မရှိပဲနဲ့ မြန်မာနိုင်ငံကို ပြန်လို့မရ၊ ပြည်ပကိုလည်း ခရီးထွက်လို့မရ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ထုတ်ထားတဲ့ ဥပဒေအရ ဆိုလို့ရှိရင်လည်း ဂျပန်နိုင်ငံမှာ နေထိုင်ခွင့် ရထားသူတွေဟာ မြန်မာနိုင်ငံသားအဖြစ် ပြန်လျှောက်ရမယ်လို့ ပြောပါတယ်။ အဲဒါတွေ ဒီသတင်းတွေကို သူတို့က အကုန်ဖျောက်ထားပြီးတော့ ကျနော်တို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကိစ္စတွေ တင်ပြဖို့အတွက် တွေ့ဆုံခွင့်မရပဲဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဒီတခေါက် လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါလာမယ့်ပေါ့လေ .. ဟို မြန်မာနိုင်ငံမှာ လုပ်သလိုမျိုးပေါ့၊ တိုင်ကြားစာ လက်ခံရေးအဖွဲ့များ ရှိမယ်ဆိုလို့ရှိရင် ကျနော်တို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တဦးချင်းအလိုက်ပေါ့လေ မြန်မာသံရုံးကနေ မဟုတ်မမှန် လုပ်ထားတဲ့ကိစ္စတွေ၊ တရားမျှတမှု မရှိတာတွေကို တင်ပြတိုင်တန်းမယ်လို့ ကျနော်တို့ ပြင်ဆင်ထားတာတွေဟာ အခုအချိန်မှာ ကျနော်တို့ လုပ်လို့မရဘူး ဖြစ်နေပါတယ်။ ”

ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဖိအားတွေကြုံနေရချိန်မှာ တိုကျိုမြန်မာသံရုံးရှေ့မှာ ဂျပန်ရောက် ရိုဟင်ဂျာတချို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ ပူးပေါင်းဆန္ဒပြဖို့ရှိတယ်လို့ ဦးထွန်းဝေက ပြောပါတယ်။

“ လာမယ့် တနင်္လာနေ့ အစီအစဉ်ကတော့ ရှင်နာဂါဝါအရပ်မှာရှိတဲ့ မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိခိုက် ရခိုင်လူငယ်တချို့က ဒေါက်တာအေးမောင် လွှတ်ပေးရေးနဲ့ပတ်သက်ပြီးတော့ ဆန္ဒပြဖို့ရှိတယ်။ ဒါက ဂျပန်ရဲတွေကတဆင့် သိရသလို မြန်မာအသိုင်းဝိုင်းမှာလည်း တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ပြောနေတာ ကြားရတယ်။ နောက်ပြီး အဲဒါရဲ့နောက်ဆက်တွဲ ဒီဂျပန်ရောက် ဘင်္ဂလီတွေနဲ့ အဲဒီရခိုင် လူငယ်တွေပေါင်းပြီးတော့ မြန်မာသံရုံးမှာ တချိန်ထဲတပြိုင်ထဲ နေ့လယ် ၃ နာရီလောက်မှာ ဆန္ဒပြသွားဖို့ အစီအစဉ်ရှိတယ်လို့ ကြားရပါတယ် ခင်ဗျ။”

မြန်မာနိုင်ငံက ထွက်ခွာသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့နေရပ်ရင်းမှာ ပြန်လည်အခြေချနိုင်ရေးအတွက် ခိုင်မာတဲ့ အစီအစဉ်တွေနဲ့ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်သွားဖို့ကိုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono က ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံစဉ် တိုက်တွန်း ပြောဆိုထားပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပြီး၊ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားပြီ ဖြစ်ကြောင်းနဲ့ အဲဒီဒုက္ခသည်တွေ ပြန်မလာနိုင်သေးတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစီစဉ်တွေ နှောင့်နှေးမှုကြောင့် ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုထားပါတယ်။

ဂျပန်အစိုးရဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် ဒေါ်လာသန်းရာချီပြီး ထောက်ပံ့ သွားမယ်လို့ ကတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG