အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ လက်ရှိ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်တာနဲ့ ဒုံးကျည်စမ်းသပ်တာတွေ ရပ်ပါမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ကတိပြုထားပြီး တာတိုပစ် ဒုံးကျည်တွေ စမ်းသပ်မှု အတွက် သူ့အခေါ် “ အသေးစား တောင်းပန်မှု တခု” လုပ်ခဲ့တယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ရဲ့ ပုဂ္ဂိုလ်ရေး ပေးစာထဲမှာ အခုလို တောင်းပန်ထားတာလို့ သမ္မတ Trump က ပြောဆိုပြီး စစ်ရေးလေ့ကျင့်မှုတွေ အပြီးမှာ တွေ့ဆုံ ဆွေးနွေးရေး ပြန်စလိုတယ်လို့လည်း ရေးထားကြောင်း ပြောပါတယ်။ ပေးစာ အရှည်ကြီးထဲမှာ အများစုကတော့ အဓိပ္ပါယ်မဲ့ပြီး ကုန်ကျစာရိတ်ကြီးလှတဲ့ စစ်ရေးလေ့ကျင့်မှု အကြောင်းကို မကျေမနပ် ပြောဆိုထားတာလို့လည်း သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုကို တနလာၤနေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး သြဂုတ်လ ၂၀ ရက်နေ့မှာ အဆုံးသတ်ဖို့ ရှိပါတယ်။ ဆွေးနွေးပွဲက ဘယ်နေ့ ဘယ်အချိန်လဲ ဆိုတာကိုတော့ သမ္မတ Trump က တိတိကျကျ မပြောပါဘူး။ သိပ်မကြာခင် အချိန် အတွင်း Kim Jong Un နဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပြီး နျူးကလီးယား ကင်စင်တဲ့ မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာမှာ အအောင်မြင်ဆုံး နိုင်ငံတွေထဲက တခုဖြစ်လာစေမယ်လို့လည်း သမ္မတ Trump က ထပ်လောင်း ပြောပါတယ်။ တာတိုပစ် ဒုံးကျည်တွေမို့ ဒီစမ်းသပ်မှုတွေက ပြသနာမရှိဘူးလို့လည်း သမ္မတ Trump က ပြောပါတယ်။
ပဲ့ထိန်းတပ် ဒုံးကျည်ဆိုင်ရာ ဆောင်ရွက်ချက်တွေ တားမြစ်ခံထားရတဲ့ မြောက်ကိုရီးယားရဲ့ အခုလို ဒုံးကျည်တွေ စမ်းသပ်မှုက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်။