မြောက်ကိုရီးယားနိုင်ငံဟာ အင်္ဂါနေ့အစောပိုင်းမှာ ပဲ့ထိန်းတပ်ဒုံးကျည်တွေ ထပ်ပြီး ပစ်လွှတ်စမ်းသပ်ပါတယ်။ ဒီသီတင်းပတ်အတွင်း စတင်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီလို ပစ်ခတ် စမ်းသပ်တာဖြစ်ပြီး ဒီအခြေအနေဟာ လမ်းကြောင်းသစ်ဆီ ဦးတည်သွားနိုင်ကြောင်းလည်း သတိပေးပါတယ်။
နိုင်ငံအနောက်ပိုင်း၊ တောင်Hwanghae ပြည်နယ်ကနေ ပဲ့ထိန်းတပ် တာတိုပစ် မစ်ဇိုင်းဒုံး နှစ် စင်း ပစ်လွှတ်တာဖြစ်တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
ဒီမစ်ဇိုင်းဒုံးတွေဟာ ကီလိုမီတာ ၄၅၀ လောက်အထိ သွားနိုင်ပြီး ၃၇ ကီလိုမီတာအမြင့်ထိ ရောက်တယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံး လေးကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် လွန်ခဲ့တဲ့လကတည်းက ပြန်လည်စတင်နိုင်လိမ့်မယ်လို့ အမေရိကန်ဘက်က ယူဆထားတဲ့ နျူကလီးယားအရေး နှစ် နိုင်ငံကြား ဆွေးနွေးပွဲတွေ ကျင်းပနိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သံသယတွေ တိုးလာ နေပါတယ်။
နောက်ဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်မှုမတိုင်ခင် မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဒီနိုင်ငံတွေနဲ့ မြောက်ကိုရီးယားကြား ရယူထားတဲ့ သဘောတူညီချက်တွေကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ စွပ်စွဲပါတယ်။ ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်၊ တောင်နဲ့မြောက် ကိုရီးယားနိုင်ငံတွေကြားက ဆက်ဆံရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်း အကြိမ်များစွာ သတိပေးထားပြီး ဖြစ်သလို မြောက်ကိုရီးယားအနေနဲ့လည်း သူတို့ရဲ့ အဓိကျတဲ့ အရေးကြီးဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့အခြေအနေ ဆိုက်ရောက်သွားစေတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရရဲ့ စကားကို ကိုးကားပြီး မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ပြောပါတယ်။
တနင်္လာနေ့ကစတင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် အနေနဲ့ လေ့ကျင့်တာဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားကပြောပေမယ့် ဒါဟာ မြောက်ကိုရီးယားကိုသိမ်းပိုက်ဖို့ ကြိုတင်လေ့ကျင့်တာဖြစ်တယ်လို့ မြောက်ကိုရီးယား ဘက်ကယူဆထားတာပါ။