သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးလက်နက်တွေ ထပ်မံပစ်လွှတ်


မြောက်ကိုရီးယားနိုင်ငံက အင်္ဂါနေ့ အစောပိုင်းမှာ ပဲ့ထိန်းတပ် ဒုံးကျည်တွေကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ပြီး ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယား တို့ဒီသီတင်းပတ်အတွင်း စတင်မယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့ လမ်းသစ်တခု ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားက သူ့နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ တောင်- Hwanghae ခရိုင်ကနေ တာတိုပစ် ပဲ့ထိန်းတပ် ဒုံးလက်နက် ၂ စင်းကို ပစ်လွှတ်ခဲ့တာ ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဒုံးကျည်တွေဟာ အမြင့် ၃၇ ကီလိုမီတာ ရှိပြီး အကွာဝေးအားဖြင့် ကီလိုမီတာ ၄၅၀ လောက် အထိရောက်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒုံးကျည်တွေဟာ ဇူလိုင်လ ၂၅ ရက်နေ့က မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ တာတိုပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေနဲ့ တူပုံရတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှန်းရေး အရာရှိတွေက ပြောကြားကြကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယား က အခု ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်အတွင်း မှာပဲ တာတိုပစ် ပဲ့ထိန်းတပ် ဒုံးကျည် ပစ်လွှတ်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ပြုလုပ်မယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အပေါ် မကျေနပ်ပဲ ဒေါသထွက်ကြောင်း ပြသခဲ့တာပါ။

နောက်ဆုံး ဒုံးကျည် မပစ်လွှတ်ခင် မိနစ်ပိုင်း အလိုမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြီး အခုလို ပူးတွဲစစ်ရေးလေ့ကျင့်တာဟာ သူနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့နဲ့ မကြာသေးခင်က ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို အရှက်မရှိ ချိုးဖောက်တာ ဖြစ်ကြောင်း ဝေဖန် ပြစ်တင်ခဲ့ပါတယ်။

တနင်္လာနေ့မှာ စတင်တဲ့ ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေးအတွက် လုပ်ဆောင်တာ ဖြစ်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောပေမယ့် မြောက်ကိုရီးယားကတော့ ဒါဟာ သူ့နိုင်ငံကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ်လို့ ရှုမြင်တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG