သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု ကုလရှုတ်ချ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ (၂၆)ကြိမ်မြောက် အာဆီယံ ဒေသ လုံခြုံရေး ဆွေးနွေးပွဲ (ARF) မကျင်းပခင် ရက်ပိုင်းအလိုမှာပဲ မြောက်ကိုရီးယားနိုင်ငံက ဒုံးပျံ စနစ်သစ်တစ်ခုကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီလို စမ်းသပ် ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံကတော့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ သူပေးထားတဲ့ ကတိကို မချိုးဖောက်ဖူးလို့လည်း ပြောပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပါမယ်။

ARF လို့ခေါ်တဲ့ အာဆီယံ ဒေသဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သြဂုတ်လ ၂ ရက်နေ့မှာ မကျင်းပခင် ရက်ပိုင်း အလိုမှာပဲ မြောက်ကိုရီးယားနိုင်ငံက ဒုံးပျံစနစ် စမ်းသပ် ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ARF အစည်းအဝေးမှာ အမေရိကန်၊ တောင်ကိုရီးယား နဲ့အတူ ဂျပန်နိုင်ငံတို့ ကိုရီးယား ကျွန်းဆွယ်တည်ငြိမ်ရေး ဆွေးနွေးပွဲလည်း လုပ်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ARF ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ စစ်အင်အားကို ထည့်သွင်း စဉ်းစား အသိအမှတ်ပြုရာမှာ အထောက်အကူ ဖြစ်စေဖို့ စမ်းသပ်တာလို့လည်း ယူဆကြပါတယ်။ မြောက်ကိုရီးယား သတင်းဌာန KCNA က ဒုံကျည် စမ်းသပ်မှု အကြောင်း အခုလို ကြေညာခဲ့ပါတယ်။

“အသစ် တီထွင်ထားတဲ့ နေရာစုံက ပစ်လွှတ်နိုင်တဲ့ ပဲထိန်းတပ် ဒုံးပျံစနစ် စမ်းသပ်ပစ်လွှတ်တာကို ခေါင်းဆောင်ကြီး Kim က ကြီးကြပ် ကွပ်ကဲခဲ့တယ်လို့ ပြောသလို စစ်သွေးဆာနေတဲ့ တောင်ကိုရီးယား နိုင်ငံ လက်နက်တွေ ဝယ်ယူနေတာနဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်တာ လုပ်နေတာတွေ ကို ရပ်ဆိုင်းဖို့အတွက် အခုလို စမ်းသပ်တာလို့လည်း ပြောပါတယ်။ စမ်းသပ်မှု အသေးစိတ်ကို မကြေညာဘဲ တစ်ချို့ မှတ်တမ်း တွေကလည်း မှုန်ဝါးဝါးသာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဘက်ကတော့ မြောက်ကိုရီးယားဟာ အမြင့် ကီလိုမီတာ ၃၀ အထိရောက်ပြီး ကီလိုမီတာ ၂၅၀ အကွာထိ ရောက်ရှိခဲ့တဲ့ တာတိုပစ် ပဲထိန်း ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ ပြောလို့ မြောက်ကိုရီးယားရဲ့ ကြေညာချက်နဲ့ ကွဲပြားနေပါတယ်။ အမေရိကန် အရာရှိ တစ်ယောက် လည်း တောင်ကိုရီးယားရဲ့ ပြောကြားချက်ကို သဘောတူပြီး အခုစမ်းသပ်မှုမှာ ရုရှားလုပ် Iskander ဒုံးကျည်ကို မွမ်းမံထားတဲ့ တာတိုပစ် KB-23 အမျိုးအစား ဒုံးကျည်ပါဝင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးကောင်စီ အကြံပေးအရာရှိ John Bolton ကတော့ ဒီလို စမ်းသပ်ခဲ့လို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ သူပေးထားတဲ့ ကတိကို ချိုးဖောက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒီ စမ်းသပ် ပစ်လွှတ်မှုဟာ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှု မလုပ်ပါဘူးဆိုပြီး Kim Jong Un က သမ္မတ ဒေါ်နယ်ထရမ့်ကို ပေးထားခဲ့တဲ့ ကတိကို ဖောက်ဖျက်ရာ မရောက်ပါဘူး။ ဒါပေမဲ့ တကယ့် သံရေးတမန်ရေး ဘယ်တော့ အလုပ် စ ဖြစ်မလဲဆိုတာရယ်၊ လုပ်ငန်းအဆင့် အစည်းအဝေးတွေ ဘယ်တော့ စမလဲ ဆိုတာရယ်ကို မေးဖို့တော့ လိုပါလိမ့်တယ်။”

တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာနဲ့ နျူးကလီးယား လက်နက် စမ်းသပ်တာကို တစ်ဖက်သတ် ရပ်ဆိုင်းထားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim က ၂၀၁၈ ခုနှစ်တုန်းက ကြေညာထားခဲ့တာပါ။ တောင်ကိုရီးယားတို့ အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ရင်တော့ တိုက်ချင်းပစ် ဒုံးကျည်နဲ့ နျူးကလီးယား စမ်းသပ်မှု ပြန် စရလိမ့်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့လကတော့ ခြိမ်းခြောက်ထားခဲ့ပါတယ်။

(၅၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တော့ စမ်းသပ်မှုတွေ ရှိနေပေမဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ကိုသာ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် သြဂုတ်လ ၁ ရက်နေ့က လုပ်ခဲ့တဲ့ မြောက်ကိုရီးယားဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေး အပြီးမှာတော့ လုံခြုံရေးကောင်စီက ဒုံးကျည် စမ်းသပ်မှုကို ပြစ်တင် ရှုတ်ချ ကြောင်း ကြေညာခဲ့ပါတယ်။

“ကျွန်မတို့ အနေနဲ့ မြောက်ကိုရီးယား ပဲ့ထိန်း ဒုံးကျည် စမ်းသပ်မှုအတွက် စိုးရိမ် မကင်းဖြစ်မိပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တဲ့ ဒီ စမ်းသပ်မှုကို ပြစ်တင် ရှုတ်ချကြောင်းလည်း ထပ်မံ ပြောကြားလိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ သူ့ရဲ့ နျူးကလီးယား ကင်းစင်ရေး အပြီးသတ် ဆောင်ရွက်ရာမှာ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ နဲ့ Kim Jong Un နဲ့ သမ္မတ ဒေါ်နယ် ထရမ့်တို့ ဇွန်လတုန်းက သဘောတူညီထားကြတဲ့အတိုင်း အမေရိကန် ပြည်ထောင်စုနဲ့ အနှစ်သာရ ရှိတဲ့ စေ့စပ် ဆွေးနွေး ပွဲတွေ ပြန်စဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ဗြိတိန်နိုင်ငံက သံအမတ်ကြီး Karen Pierce ပြောသွားတာပါ။ မြောက်ကိုရီးယားရဲ့ ဒုံးပျံစနစ် စမ်းသပ်မှုဟာ Kim Jong Un ပေးထားတဲ့ ကတိကဝတ်ကို မချိုးဖောက်ဖူးလို့ အမျိုးသား လုံခြုံရေး အကြံပေး John Bolton က ပြောနေချိန် မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခုလို့ ရှုတ်ချခဲ့တာပါ။

တကယ်တော့ ဒုံးကျည် ဒါမှမဟုတ် ဒုံးပျံစနစ် ဘယ်လို နာမည်ပဲ ပေးပေး ဒုံးပျံစနစ် သိပ်ကြီးမား လာရင်တော့ ပဲ့ထိန်းသုံး ဒုံးကျည်နဲ့ကွာခြားမှု သိပ်မရှိလှကြောင်း အမေရိကန်သိပ္ပံ ပညာရှင်များ အဖွဲ့က သုတေသီ Ankit Panda ပြောပါတယ်။ ကွာခြားချက်ကတော့ စစ်ရေးအရ ဘယ်လောက် ထိရောက်မလဲ ဆိုတာနဲ့ ပေါက်ကွဲအား ဘယ်လောက် တင်ဆောင်နိုင်သလဲဆိုတာသာ ဖြစ်ကြောင်း Ankit Panda က ပြောကြောင်းပါ ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG