သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးလက်နက်ပစ်လွှတ်မှု ကန်ကာကွယ်ရေးဝန်ကြီးသစ် တုံ့ပြန်


 အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးသစ် Mark Esper
အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးသစ် Mark Esper

မြောက်ကိုရီးယားက အင်္ဂါနေ့ အစောပိုင်းမှာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်တွေ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့ပြီး ဒီသီတင်းပတ်ထဲ ပြုလုပ်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့ အနေနဲ့ လမ်းကြောင်းသစ်ကို လျှောက်လှမ်း နိုင်တယ်လို့လည်း သတိပေးလိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အခု နောက်ဆုံး ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့ Mark Esper ရဲ့ အာရှ-ပစိဖိတ် ဒေသတွင်း လာရောက်တဲ့ ပထမဆုံး အကြိမ်ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ဒေသတွင်း တင်းမာမှုတွေ တိုးလာနေချိန်မှာ သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်မှာ ဝန်ကြီး Esper နဲ့အတူ လိုက်ပါလာတဲ့ VOA ပင်တာဂွန်သတင်းထောက် Carla Babb ရဲ့သတင်းပေးပို့ချက်ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြောက်ကိုရီးယားက သီတင်း ၂ ပတ်ကြာ ကာလအတွင်း စတုတ္ထအကြိမ်မြောက် ဒုံးကျည် ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နဲ့မြောက်ကိုရီးယားတို့ကြား နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်မှာ မြောက်ကိုရီးယား ဘက်က သိသိသာသာ ရန်စလိုက်တာ ဖြစ်ပါတယ်။

Center for American Progress ဌာနက Rudy deLeon ကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို ဝေဖန်လိုက်ပါတယ်။

“အချိန်က ဒီအတိုင်း ရပ်မနေသလို မြောက်ကိုရီးယားရဲ့ ဒီဒုံးကျည်စမ်းသပ်မှုတွေကလည်း တကယ့်လမ်းကြောင်းမှန်အတိုင်း သူတို့လျှောက်နေတာမျိုး မဟုတ်ပါဘူး။”

မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့နဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အသစ် Mark Esper သွားတဲ့အချိန်မှာပဲ မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်တွေကို ပင်လယ်ထဲ နောက်ဆုံးစမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီး Esper ကတော့ အမေရိကန်က အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

"သူတို့ပစ်လွှတ်ခဲ့တာဟာ တာတိုပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေလို့ ကျနော်နားလည်ပါတယ်။ ကျနော်တို့ဘက်က ဘာမှ မတုံ့ပြန်ပဲတော့ နေမှာ မဟုတ်ပါဘူး။ ဒီကိစ္စ အတွက် ကျနော်တို့ အနီးကပ်စောင့်ကြည့်နေတာပါ။ သူတို့ ဘာလုပ်နေတယ်ဆိုတာ နားလည်အောင် သေချာလုပ်ပြီး ဘာကြောင့် ဒီလိုလုပ်ရတယ် ဆိုတာကိုပါ နားလည်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ထပ်ပြောချင်တာက သံတမန် နည်းလမ်းအတွက် ဆက်ပြီး တံခါးဖွင့်ထားဖို့က အဓိကပါ။”

အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တွေဟာ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း ဒီလထဲ ပြုလုပ်မယ့် သူတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပုံမှန်ထက် လျှော့ချပြီး ကွန်ပြူတာ အစီအစဉ်နဲ့သရုပ်ဖေါ် လေ့ကျင့်ကြမှာ ဖြစ်ပြီး ဒါကို မြောက်ကိုရီးယားဘက်က မကျေနပ်ကြောင်း ပြသလိုတဲ့ ပုံတွေ့ရပါတယ်။

မြောက်ကိုရီးယား အာဏာရှင် Kin Jong Un နဲ့ သမ္မတ Donald Trump တို့ကြား ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့ချိန်ကစပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို ဖျက်သိမ်းခဲ့တာ ဒါမှမဟုတ် လျှော့ချမှုတွေ လုပ်ခဲ့ကြတာပါ။ အရင်က ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ကတော့ စစ်အင်အား အလုံးအရင်းနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားဘက်က အခုလို လိုက်လျောခဲ့တာအတွက် မြောက်ကိုရီးယားဘက်က ပြန်လိုက်ရောဖို့ မမြင်ဘူးလို့လည်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒီမိုကရေစီဆိုင်ရာ ကာကွယ်ရေး ဖေါင်ဒေးရှင်းအဖွဲ့က Bradley Bowman ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တို့ဘက်က သူတို့ရဲ့ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဖျက်ပစ်မယ့်ပုံတော့မရှိဘူးလို့ ပြောပါတယ်။

" အဲဒီတော့ သူတို့ရဲ့ ဆောင်းရာသီ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို လုပ်နေကျအတိုင်းပဲ သူတို့ဆက်ပြီး လုပ်သွားမှာပါ။ သိသိသာသာ လျှော့ချမှာတော့ မဟုတ်ပါဘူး။ နောက်ပြီး သူတို့က အခု စစ်ရေး လေ့ကျင့်မှုကို လုံးဝရပ်ပစ်ဖို့ လုပ်ချင်တယ်ဆိုရင်တော့ ဒါက မဖြစ်နိုင်တဲ့ ကိစ္စပါ။ တကယ်လို့ သူ့ဘက်က တကယ်ရိုးရိုးသာားသားနဲ့ သဘောတူညီချက် လိုချင်တယ်ဆိုရင်တော့ အံ့သြစရာပါ။”

ကာကွယ်ရေးဝန်ကြီးကတော့ မြောက်ကိုရီးယားနဲ့ အလုပ်သဘောဆွေးနွေးပွဲတွေကို မကြာခင်မှာပဲ နောက်တချီပြန်စနိုင်ဖို့ မျှော်လင့်နေဆဲပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG