သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO ဝန်ထမ်း ရခိုင်မှာ ပစ်သတ်ခံရမှု စုံစမ်းဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို


၂၀၁၉ ခုနှစ်က လွှတ်တော်ကော်မတီများနဲ့ CSO ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံ (ဓာတ်ပုံ- ညီမျှခြင်းမြန်မာဒါရိုက်တာ ဦးအောင်မျိုးမင်း)
၂၀၁၉ ခုနှစ်က လွှတ်တော်ကော်မတီများနဲ့ CSO ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံ (ဓာတ်ပုံ- ညီမျှခြင်းမြန်မာဒါရိုက်တာ ဦးအောင်မျိုးမင်း)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်အတွင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝန်ထမ်း တဦး ပစ်သတ်ခံရမှုနဲ့ စပ်လျှင်းပြီး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးဖေါ်ထုတ်ဖို့နဲ့ COVID-19 ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ လက်နက်ကိုင်အဖွဲ့တွေ အပစ် ခတ်ရပ်စဲပေးဖို့ မြန်မာအရပ်ဘက်အဖွဲ့ပေါင်း ၂၇၈ ဖွဲ့က တောင်းဆိုတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ပစ်သတ်ခံရမှုမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်းရေးအဖွဲ့နဲ့ အမှန်တရား အမြန်ဆုံးဖော်ထုတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေကတောင်းဆိုကြောင်းအဖွဲ့ရဲ့ ကိုယ်စားပြု ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်မွန်ရည်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လွတ်လတ်တဲ့ တရားမျှတတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ ပေါ့နော်။ အမြန်ဆုံးဖေါ်ထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ကျမတို့ တောင်းဆိုတာ ဖြစ်ပါတယ်။”

COVID-19 စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကားကို တနလာၤနေ့ ညနေပိုင်းက မင်းပြားမြို့နယ်တွင်း တိုက်ခိုက်ခံခဲ့ရပြီး WHO အဖွဲ့ကြီးရဲ့ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့သလို အစိုးရဝန်ထမ်း ဦးအောင်မျိုးဦးဟာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့လက်ချက်လို့ အစိုးရနဲ့ တပ်မတော်ဘက်က စွပ်စွဲထားသလို AA ဘက်ကတော့ ဒါကိုငြင်းဆန်ထားပြီး တပ်မတော်ကနေ ပစ်ခတ်တာလို့ တန်ပြန် စွပ်စွဲထားပါတယ်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ WHO ဝန်ထမ်းသေဆုံးမှုဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ်မှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကို ဝင်ရောက်ခွင့်ပြုပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို တောင်းဆိုထားပါတယ်။

ဒီလိုတောင်းဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရဗိုလ်ချုပ်ထွန်းထွန်းညီက အခုလိုပြောပါတယ်။

“ဒီဖြစ်စဉ်တွေ ကျနော်တို့ သတင်းထုတ်ပြန်ပေးထားပါတယ်။ အစိုးရကလည်း ထုတ်ပြန်ပေးထားတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားတယ်ဆိုတော့လေ။ ဒါနဲ့ပက်သက်ပြီးတော့မှ ဘာများ ဝင်ပြီးစစ်ဆေးစရာလိုလို့လဲဗျာ။ ထင်ရှားနေတဲ့ဖြစ်စဉ်အတွက်ကြောင့်မို့လို့ ကျနော်တို့ အပြင်ကနေ ဝင်စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ဟာ မလိုအပ်ဘူးလို့ ထင်တယ်။ ဘာလို့ဆိုတော့ ကျနော်တို့ဆီမှာ အစိုးရရှိတာပဲနော်။”

WHO ဝန်ထမ်း သေဆုံးမှုဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အပစ်ခတ်ရပ်စဲပေးဖို့ကိုလည်း တောင်းဆိုကြောင်း လူမှုအဖွဲ့အစည်းတွေရဲ့ကိုယ်စား ဒေါ်မွန်ရည်ကျော်ကဆက်ပြောပါတယ်။

“COVID ကလည်း တနေ့တခြားပျံ့နှံ့လာတယ်။ ပိုပြီးတော့ တိုးလာတယ်ပေါ့နော်။ ရောဂါဖြစ်နေတဲ့ကာလမှာ တိုက်ပွဲတွေနဲ့ အကျဆုံးပိုပြီးတော့ သေတဲ့ရွာတွေရော များလာတယ်။ ဒီဟာတွေ လုံးဝမဖြစ်သင့်ဘူးပေါ့နော်။ လက်ရှိကာလမှာ ဒီလက်နက်ကိုင်အဖွဲ့တွေက အပစ်ခတ်ရပ်ထားပေးဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လိုက်နာဖို့လို တယ်လို့ ကျမတို့က မြင်တယ်ပေါ့။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း COVID-19 ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ စစ်ရေးပဋိပက္ခတွေ ရပ်ဆိုင်းဖို့အတွက် တိုက်တွန်းထားပါတယ်။

လက်ရှိမြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးပြင်းထန်နေဆဲဖြစ်သလို စစ်ရေးဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက် သေဆုံးမှုကလည်း တနေ့တခြား များလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG