သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာမောင်တံတားအနီး နောက်ထပ်ပစ်ခတ်မှု ယာဉ်မောင်းသေဆုံး


ဧပြီလ ၂၁ ရက်နေ့က ရာမောင်တံတားအနီး ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ ယာဉ်မောင်းတဦး (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ဧပြီလ ၂၁ ရက်နေ့က ရာမောင်တံတားအနီး ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ ယာဉ်မောင်းတဦး (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

(Zawgyi/Unicode)

ရခိုင်မြောက်ပိုင်းမှာ WHO ကားပစ်ခံရလို့ ကုလကားမောင်းသမား သေဆုံးတဲ့အပေါ် စုံစမ်းမှုတွေလုပ်ဖို့နဲ့ နောင်မဖြစ်အောင် ကာကွယ်တားဆီးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး နောက်တရက်မှာပဲ ပိုးသတ်ဆေးတင်ကား တစင်း အဲဒီနေရာမှာပဲ ထပ်မံပစ်ခတ်ခံရတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ CPS ပိုးသတ်ဆေး ကုမ္ပဏီက ဆေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို မနေ့က နေ့လည်ပိုင်းက ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယာဉ်မောင်းသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီကားဟာ အမ်းကနေ စစ်တွေမြို့ကို လာတာဖြစ်ပြီး WHO ကားပစ်ခတ်ခံရတဲ့ မင်းပြားမြို့နယ် ရာမောင်တံတားအနီးအရောက်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ယာဉ်မောင်းသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ကပေါ့ ဆေးလာပို့တဲ့ အဖွဲ့လို့ ပြောတယ်။ ကျောက်ဖြူဘက်က လာတာပေါ့။ အဲဒီမှာ တစ်ယောက်သေတယ်၊ တစ်ယောက်ဒဏ်ရာရတယ်လို့ ကြားတယ်။ မင်းပြားဆေးရုံမှာပေါ့။ WHO ကားပစ်ခတ်ခံရတဲ့နေရာနဲ့ သိပ်မဝေးဘူးဗျာ။ ရာမောင်တံတားရဲ့ ထပ်နားမှာပဲဗျာ။ တပ်မတော်ဘက်က တံတားထိပ်မှာတော့ ဂိတ်တွေ ရှိတာတော့ တွေ့ရတယ်။ အဲဒီအနားမှာ အမြောက်တပ်တွေလည်း ရှိတယ်ဗျာ အဲတာတော့ကြာပြီဗျာ။"

အဲဒီကားကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပေမဲ့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ငြင်းဆိုထားပါတယ်။

"မနေ့ကနေပြီးတော့ ဒီ မြန်မာစစ်တပ်က အဲဒီကားကို သူတို့အယင် ပစ်ခတ်နေတဲ့ နေရာမှာပဲ WHO ကားကို ပစ်တဲ့နေရာမှာပဲ အဲဒီကားကို သူတို့ပစ်တာ အဲဒီနေရာက မြန်မာစစ်တပ်တွေ နေရာယူထားတဲ့ သူတို့ရဲ့ လုံခြုံရေးဧရိယာထဲမှာ ဖြစ်တဲ့ ကိစ္စ။ အဓိကတော့ မြန်မာစစ်တပ်ဘက်က လာသမျှ ကားရော၊ ဆိုင်ကယ်ရောကို ပစ်ခတ်နေတာက အတော်လေး ကြာပြီဗျာ။"

ပြီးခဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း အဲဒီရာမောင်တံတားအနီးမှာ WHO ကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သတ်ပြီး တပ်နဲ့ AA ကတော့ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်စွပ်စွဲနေကြတာပါ။

အခုလို WHO ကားပစ်ခတ်ခံရတာနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂက ကလည်း စုံစမ်းနေသလို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအနေနဲ့ စုံးစမ်းစစ်ဆေးမှုတွေနဲ့ နောက်ထပ် အဲဒီလို ပစ်ခတ်မှုတွေ ထပ်မံမဖြစ်ပွားဖို့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ မနေ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အခုလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကားပစ်ခတ်ခံရတာအပါအဝင် တစ်ခြားစစ်ဘေး စစ်ဒဏ်တွေနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂက လာရောက်ပြီး နိုင်ငံတကာပညာရှင်တွေ သတင်းဌာနတွေကို ခေါ်ဆောင်ပြီး အမြန်ဆုံးလာရောက်စုံစမ်းဖို့ကို မျှော်လင့်တယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှစောကပြောပါတယ်။

"ကုလသမဂ္ဂက ညွန်ကြားရေးမှူးချုပ်ကိုယ်တိုင်က ပြောပြီဆိုတော့လည်း ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ သူတို့ဆီက ကျွမ်းကျင်တဲ့ ပညာချင်တွေ လာပြီ ဒီကိစ္စဟာအမှန်တကယ် ဘယ်သူက ကျူးလွန်းတယ်ဆိုတာကို ပွင့်ပွင့်လင့်လင့် ဖော်ထုတ်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ လာတဲ့ အခါမှာလည်း နိုင်ငံတကာက သတင်းထောက်တွေ အတွေ့အကြုံရှိတဲ့ သတင်းဌာနတွေ ပါလာနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဖော်ထုတ် နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို လည်း အထောက်အကူပြုနိုင်ပါလိမ့်မယ်။ ရခိုင်ပြည်မှာ ပြည်သူတွေ ကြုံတွေနေ ရတဲ့ စစ်ဘေးစစ်ဒဏ်ကို တစ်စုံတစ်ရာ ရှင်းသွားလိမ့်မယ်လို့ ထင်တယ်။ အဲဒီအဖွဲ့ အမြန်လာပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်စွပ်စွဲနေတာကိုတော့ ကျနော်တို့ စကားလုပ်ပြီးလည်း ပြောစရာအကြောင်းမရှိတော့ဘူး။"

ရခိုင်ပြည်နယ်အတွင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အရပ်သားထိခိုက်သေဆုံးမှုတွေ ဖမ်းဆီးခံရတာတွေဟာလည်း နေ့စဉ်နဲ့ အမျှရှိနေပါတယ်။ တိုက်ပွဲအတွင်းအရပ်သားတွေ ထိခိုက်သေဆုံးတိုင်းမှာလည်း တပ်နဲ့ AA နှစ်ဘက်စလုံးဟာ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG