သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO ဝန်ထမ်း အသတ်ခံရတဲ့အပေါ် အလွန်စိုးရိမ်ကြောင်း INGO ၁၆ ဖွဲ့ပြော


သေဆုံးသွားတဲ့ ယာဉ်မောင်းကို သယ်ဆောင်နေကြတဲ့ ကြက်ခြေနီအဖွဲ့ (ဧပြီ ၂၁၊ ၂၀၂၀)
သေဆုံးသွားတဲ့ ယာဉ်မောင်းကို သယ်ဆောင်နေကြတဲ့ ကြက်ခြေနီအဖွဲ့ (ဧပြီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မော်တော်ယာဉ်တစ်စီး ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခံရပြီး လူ့အသက် သေဆုံးရတဲ့ ဖြစ်ရပ် အတွက် အလွန် စိုးရိမ် ပူပန်မိကြောင်း မြန်မာနိုင်ငံအတွင်း လုပ်ငန်း လုပ်ဆောင်နေတဲ့ လူသားချင်း စာနာမှု အကူအညီ ပေးရေး နိုင်ငံတကာ အဖွဲ့ အစည်း ၁၆ ခုက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား အပစ် အခတ် ချက်ချင်း ရပ်စဲ ဖို့ တောင်းဆိုလိုက်ပါတယ်။

WHO ရဲ့ ဒေသခန့်ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် သေဆုံးရတဲ့အတွက် ဝမ်းနည်း မိကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦး အမြန် သက်သာစေဖို့လည်း ဆုတောင်းကြောင်း ပူးတွဲ ကြေညာချက်မှာ ပါရှိပါတယ်။

COVID 19 ရောဂါ သံသယရှိ လူနာတွေရဲ့ နှာခေါင်းတို့ဖတ် နမူနာတွေ သယ်ဆောင်လာတဲ့ WHO အမှတ်အသား ပါ မော်တော်ယာဉ်တစ်စီး မင်းပြား မြို့နယ်မှာ ဧပြီလ ၂၀ ရက်နေ့က တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ဟာ COVID-19 ကပ်ရောဂါ ဆိုက်ရောက်နေချိန် တစ်ကမ္ဘာလုံး အပစ်အခတ် ရပ်စဲရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ချက်ချင်း အကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ် ဆိုတာကို ပြသလိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၁၂၀ ဝန်းကျင်ရှိပြီး သေဆုံးသူ ၅ ဦး ရှိကြောင်း၊ ရခိုင်ပြည်နယ်ဟာ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားသလို အာဟာရ ချို့တဲ့သူ ကလေး သူငယ် ဦးရေလည်းများပြီး ကျန်းမာရေး ဝန်ဆောင်မှုမှာလည်း အားနည်းတာကြောင့် COVID-19 ရောဂါ တိုက်ဖျက်ရေး အပူ တစ်ပြင်း ဆောင်ရွက်ရမယ့်နေရာတစ်ခုဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

Save The Children, အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ IRC အဖွဲ့တို့လို လူသား ချင်း စာနာမှု အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၁၆ ခုရဲ့ကြေညာချက်မှာ အပစ်အခတ် ချက်ချင်းရပ်စဲဖို့အပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီပေးရေး ဝန်ထမ်းတွေကို အနှောက်အယှက် မရှိသွားလာခွင့်ပေးဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။

ဧပြီ ၂၀ ရက်နေ့ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ ရခိုင်လက်နက်ကိုင်အဖွဲ့AA ကကော မြန်မာစစ်တပ်ကပါ ငြင်းပယ်ထားပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာအစိုးရအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အခက် အခဲတွေ ရှိနေပေမဲ့ ကမ္ဘာ့ ကပ်ရောဂါဘေး ကျော်လွှား နိုင်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာကျန်းမာရေး အဖွဲ့တို့နှင့် အတူ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွား မှာ ဖြစ်ပြီး စုံစမ်း စစ်ဆေးမှု တွေ လုပ်ဖို့ဆုံးဖြတ်ထားတယ်လို့ ဧပြီလ ၂၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

...............


(Unicode)








XS
SM
MD
LG