သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေရပ်ဖို့ ကုလ ထပ်မံတိုက်တွန်း


မြန်မာစစ်တပ်နှင့် AA တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြိုတိုင်းရင်းသူများနှင့် ကလေးငယ်အချို့။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
မြန်မာစစ်တပ်နှင့် AA တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြိုတိုင်းရင်းသူများနှင့် ကလေးငယ်အချို့။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

ရခိုင်နဲ့ ချင်းပြည်နယ်တွေအတွင်း အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြားမှာ အရပ်သားတွေ ထိခိုက်သေကျေနေရတဲ့အထိ အရှိန်မြင့်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ကြဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Lisa Schlein ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ပေးပို့ထားတဲ့သတင်းကို မခွာညိုက တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ၂ လအတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဒါဇင်နဲ့ချီပြီး ပင်လယ်ပြင်မှာ သေဆုံးခဲ့ကြရသလို ရာနဲ့ချီပြီး သောင်တင်နေတဲ့ အဖြစ်တွေနဲ့ ကြုံနေရချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက်ဖြစ်ပွားနေတာပါ။

ပင်လယ်ပြင်မှာ သေဆုံးခဲ့ကြရသူတွေဟာ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြားက တိုက်ပွဲတွေနဲ့တော့ တိုက်ရိုက် ဆက်နွှယ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ လက်နက်ကိုင် ပုန်ကန်မှုတွေဟာ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တော်လှန်တဲ့ လုပ်ရပ်အဖြစ်နဲ့လည်း အကဲခတ်တွေက ရှုမြင်ထားကြပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရ Rupert Colville ကတော့ လတ်တလော မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့အတူ ကပ်လျက်ရှိနေတဲ့ ချင်းပြည်နယ်မှာပါ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ၊ ချင်း၊ မြို၊ ဒိုင်းနက်တို့အပြင် တခြားအရပ်သားတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေ ထိခိုက်နေရတယ်လို့ ပြောပါတယ်။

“မတ်လ ၂၃ ရက်နေ့ကစပြီး လူနေထူထပ်တဲ့ နေရာတွေကို မြန်မာစစ်တပ်က နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၃၂ ယောက် သေဆုံးပြီး ၇၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကျောင်းတွေ၊ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။”

ဒါ့အပြင် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါဘေး ကျရောက်နေတဲ့အချိန်မှာ တကမ္ဘာလုံးက တိုက်ပွဲမှန်သမျှ ရပ်ထားပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကိုလည်း နှစ်ဖက်စလုံးက မသိကျိုးကျွံ ပြုနေခဲ့ကြကြောင်း Colville က ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ အစိုးရက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားတာဟာလည်း အခြေအနေကို ပိုဆိုးစေခဲ့ကြောင်း ပြောခွင့်ရသူက သတိပေးထားပါတယ်။

“အဆက်အသွယ် ဖြတ်တောက်ထားတဲ့အတွက် အများပြည်သူ သိသင့်သိထိုက်တဲ့ တကိုယ်ရေသန့်ရှင်းရေး၊ လူစုလူဝေးရှောင်ပြီး လူခွဲနေကြဖို့နဲ့ ရောဂါ ကာကွယ်တားဆီးရေးအတွက် ထုတ်ပြန်ထားတဲ့ တခြားစည်းကမ်းတွေကို သိရှိနိုင်ဖို့အတွက် အကြီးအကျယ် အဟန့်အတား ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကလည်း အလားတူ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အင်တာနက် အဆက်အသွယ်တွေကို ကန့်သတ်တာတွေ ရှိပါတယ်။”

အင်တာနက် ဆက်သွယ်မှုတွေ ပိတ်ထားတာကို မြန်မာအစိုးရက ချက်ချင်းပြန်ဖွင့်ပေးဖို့နဲ့ ပဋိပက္ခဒဏ်ကို ခံစားနေကြရတဲ့ ဒေသတွေမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးနိုင်အောင် ခွင့်ပြုဖို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တောင်းဆိုထားပါတယ်။ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင်တော့ ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ အရပ်သားတွေ အတိဒုက္ခရောက်နေတဲ့ အခြေအနေ ပိုဆိုးလာမှာဖြစ်သလို အင်မတန် ဆိုးရွားပြင်းထန်တဲ့ COVID-19 ကပ်ရောဂါကို တိုက်ဖျက်ဟန့်တားရာမှာ အဟန့်အတား ဖြစ်စေလိမ့်မယ်လို့လည်း Mr. Colville က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)










XS
SM
MD
LG