သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ရှောင်တွေကြား COVID -19 ကာကွယ်ရေး မလုပ်နိုင်


ပုဏ္ဏားကျွန်းမြို့နယ် စေတီပြင် ယာယီ စစ်ဘေးရှောင်စခန်း။ (ဓာတ်ပုံ - သဘာဝနဒီ)
ပုဏ္ဏားကျွန်းမြို့နယ် စေတီပြင် ယာယီ စစ်ဘေးရှောင်စခန်း။ (ဓာတ်ပုံ - သဘာဝနဒီ)

(Zawgyi / Unicode)

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေက တိမ်းရှောင်သူတွေကို COVID-19 အရေး သတိပေးဖို့ အခက်တွေ့နေသလို ကူးစက်မခံရရေးအတွက် လိုက်နာ ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိ ဖြစ်နေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းကျော် အသုံးပြုမယ်လို့ စနေနေ့မှာ ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက အကူအညီတွေ လိုအပ်နေတဲ့ ထိခိုက်နစ်နာလွယ်သူတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို ပေးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ကျေးရွာ ဘုန်းကြီးကျောင်း ယာယီ စစ်ဘေးရှောင်စခန်း။ (ဓာတ်ပုံ သဘာဝနဒီ)
ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ကျေးရွာ ဘုန်းကြီးကျောင်း ယာယီ စစ်ဘေးရှောင်စခန်း။ (ဓာတ်ပုံ သဘာဝနဒီ)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ရွာက စစ်ရှောင် လူပေါင်း ၁ ထောင်ကျော်ကို COVID-19 ပညာပေးဆောင်ရွက်ဖို့သွားတဲ့ အဖွဲ့တခုကိုတော့ စနေနေ့ကပဲ စစ်တပ်က တားဆီးခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှု လူငယ်ဖွံ့ဖြိုးရေးအသင်း (PDY) အဖွဲ့ဝင်တွေနဲ့ သူ့ကို စစ်တပ်က တားဆီးခဲ့တာလို့ စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ သဘာဝနဒီ အရှင် ပညာဇောတက ဗွီအိုအေကို ပြောပါတယ်။

"အဓိက COVID-19 နဲ့ ပတ်သက်ပြီးတော့ အပူချိန်တိုင်းတာတာတို့ ပညာပေးတာတွေ လုပ်နိုင်အောင် အဲဒီအဖွဲ့ကို ခေါ်ပြီး လာတာပါ ရွာကို။ ၁၂ နာရီလောက်မှာ ဦးဇင်းတို့ ရွာထဲကိုရောက်တော့ တပ်က ဦးဇင်းတို့ကို တားထားတယ်။ ဖုန်းတွေရော ကားသော့ရော သိမ်းလိုက်တယ်။"

ဒါပေမယ့် ညနေပိုင်းမှာတော့ ဦးပဉ္ဇင်း သဘာဝနဒီ အရှင် ပညာဇောတနဲ့ လူငယ်ဖွံ့ဖြိုးရေး အသင်းဝင်တွေကို စစ်ရှောင်တွေရှိရာ လက်ဝဲစာတိုက်ရွာ ဘုန်းကြီးကျောင်းကို သွားခွင့်ပြုလိုက်ပေမယ့် ကားကိုတော့ စနေနေ့ ညပိုင်းအထိ သိမ်းထားဆဲဖြစ်တယ်လို့ ပြောပါတယ်။

လက်ဝဲစာတိုက်ရွာအနီးမှာ မြန်မာ့တပ်မတော်ကို မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဧပြီလ ၃ ရက်နေ့ကနေ အခုအချိန်ထိ လူဦးရေ ၁၀၀၀ ကျော် ဘုန်းကြီးကျောင်းကနေ ထွက်ခွင့်မရသေးဘဲ ပိတ်မိနေပါတယ်။ ဒီလူတွေ Social Distancing လို့ခေါ်တဲ့ တဦးနဲ့တဦးကြား အကွာအဝေးတခုခြားပြီး နေနိုင်တဲ့ အခြေအနေမျိုး ရှိပါသလား။

"တယောက်နဲ့တယောက် ၃ ပေမပြောနဲ့၊ ၁ ပေတောင်မရဘူး။ တလက်မကွာဖို့တောင် မလွယ်ဘူး။ တယောက်နဲ့တယောက် ခြေချင်းထပ်ပြီးတော့ နေနေရတာပါ။ အခု ပိတ်လှောင်ထားတဲ့ စခန်းမှာဆိုရင် ဘုန်းကြီးကျောင်းအပေါ်၊ အောက်ထပ် ဓမ္မာရုံ၊ နောက်ပြီး ယောဂီတွေနေတဲ့ သင်္ဃန်းဆောင်ပေါ့ အားလုံး အပြည့်၊ နောက်ပြီး ကျောင်းရဲ့ ကွင်းပြင်တွေမှာလည်း ယာယီတန်းလျားတွေ တာလပတ်တွေနဲ့ ထိုးပြီးတော့ နေနေကြရတယ်။ လူဦးရေတထောင်ကျော် ဘယ်လိုမှမဆန့်ဘူး။"

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် ဒေသတွင်းမှာ အင်တာနက် ဆက်သွယ်မှုကိုလည်း အစိုးရက ဖြတ်တောက်ထားတာပါ။ ဒီအချက်က လူထုကြား COVID-19 အရေး အသိပညာ ဖြန့်ဝေမှုအတွက်လည်း အဟန့်အတားဖြစ်တယ်လို့ အရှင် ပညာဇောတက မိန့်ပါတယ်။

"ရွာတွေမှာက တီဗွီသတင်းတို့ စာစောင်တို့ဆိုတာ ရွာတွေမှာ မရှိဘူး။ အင်တာနက် ဝန်ဆောင်မှု ရရင်တော့ ဖုန်းလေးတွေနဲ့ အင်တာနက်က ကြည့်ရင်တော့ COVID နဲ့ ပတ်သက်တဲ့ ပညာပေးတွေ သိရမယ်။"

လက်ရှိမှာတော့ သဘာဝနဒီ အရှင် ပညာဇောတက စားနပ်ရိက္ခာနဲ့ ခိုလှုံနိုင်ရေး တာဝန်ယူဆောင်ရွက်နေတဲ့ စစ်ရှောင်စခန်း ၄ ခုရှိပြီး အဲဒီ ၄ ခုလုံးမှာတော့ အစိုးရဘက်ကရော အကူအညီပေးရေး အဖွဲ့အစည်းတွေဘက်ကရော COVID-19 နဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်နေတာတွေ မရှိသေးဘူးလို့ ပြောပါတယ်။

မြေပုံမြို့နယ်က စမြင်း၊ ကမ်းကြီး၊ နောက် ပုဏ္ဏာကျွန်းမြို့နယ်က လက်ဝဲစာတိုက်ရွာ၊ စေတီပြင် ဒုက္ခသည်စခန်းတို့မှာ စစ်ရှောင် ထောင်နဲ့ချီ နေထိုင်နေရပါတယ်။ စစ်ရှောင်တွေ အိမ်ပြန်ခွင့်မရသေးတာကြောင့် ကိုယ့်အိမ်တွေထဲမှာပဲ နေဖို့၊ လူတွေ တဦးနဲ့တဦး အကွာအဝေးတခုခြားပြီး ခပ်ခွာခွာနေကြဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အနေအထားပါ။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)













XS
SM
MD
LG