(Zawgyi/Unicode)
စစ်ရေး ပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စစ်ရှောင်စခန်းအတွက် ရိက္ခာသယ်ယူရေး အဖွဲ့ဝင်တွေ မြန်မာစစ်တပ်က ထိန်းသိမ်းထားတာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ရှောင်စခန်းတွေ သွားလာမှု ကန့်သတ်ပိတ်ပင်ထားတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းက စစ်ရှောင်ဒုက္ခသည်တွေအတွက် မြို့နယ်ရုံးက ဆန်ရိက္ခာသွားထုတ်တဲ့အဖွဲ့ အပြန်ခရီးမှာ ဒေသခံမြန်မာစစ်တပ်ကနေ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကျောက်တော် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကပြောပါတယ်။
☞ ကျောက်တော်ပစ်ခတ်မှု အရပ်သားများ သေဆုံး ဒဏ်ရာရတဲ့ သတင်းလည်း ဒီမှာ ဖတ်နိုင်ပါပြီ။
“ညောင်ချောင်းမှာ စစ်ဘေးရှောင်စခန်း တခုရှိတယ်။ လူ ၂၀၀၀ လောက်ရှိတယ်ပေါ့လေ။ အဲတာကို ၄ ရက်နေ့က ထွေအုပ်ကနေပြီးတော့မှ ခရိုင်ကနေချပေးတဲ့ ရိက္ခာဆန်တချို့ပေါ့။ IDP စခန်းအတွက်ချပေးတဲ့ ဆန်တချို့ကို အဲဒီစခန်းက လူတွေတချို့ လာယူကြတယ်။ Campက ၁၃ ယောက် နောက်ပြီး ကားမောင်းတဲ့ ဒါရိုင်ဘာ တယောက်ရယ်။ နောက်ပြီးတော့ ထွေအုပ်က ဝန်ထမ်း တယောက်ပေါ့။ အကုန်လုံး ၁၅ ယောက်က ကျောက်တော်မြိုကထွေအုပ်ရုံးကနေပြီးတော့မှ ၃ နာရီကျော်လောက်မှာ အဲဒီစစ်ဘေးရှောင်စခန်းမှာ ဆန်အိတ် ၁၅၀ လောက်နဲ့ ပြန်တယ်။ ပြန်တော့ အဲဒီတပ်မက နေပြီးတော့မှ လမ်းကစီစစ်မှုတွေ လုပ်တယ်လို့တော့ကြားတယ်။ ပြီးတော့ တပ်ထဲကိုခေါ်သွားတယ်။ အခုချိန်ထိ အဲဒီလူ တွေနဲ့တော့ လောလောဆယ်အထိပေါ့အဆက်သွယ်မရသေးဘူး။ မနေ့ကညောင်ချောင်းစခန်းကို ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ သွားပြီးတော့ အဲဒီမှာမိသားစုတွေလာတွေနဲ့ တွေ့တယ်။ တော်တော်လေးကို ပူပန်သောကရောက်နေကြတယ်ပေါ့လေ။”
ညောင်ချောင်းစစ်ရှောင်စခန်းကဆန်ရိက္ခာသယ်ယူတဲ့အဖွဲ့ကို ဒေသခံမြန်မာစစ်တပ်က ခေါ်ယူစစ်ဆေးနေတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။
“ကျနော်ပြောနိုင်တာကတော့ ကျောက်တော်ဘက်ကနေပြီးတော့ ကျနော်တို့ ထိန်းသိမ်းထားတဲ့ဟာတွေ ရှိတယ်။ ကျောက်တော်ဘက်က ထိန်းသိမ်းထားတာ စစ်ရှောင်စခန်းကမဟုတ်ပါဘူး။ ရွာကနေပြီးတော့ ထိန်းသိမ်းထားတဲ့ သူတွေ ရှိပါတယ်။ သူတို့ထွက်ချက်လည်း ရှိပါတယ်ဗျာ။”
ရခိုင်မြောက်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခ ပြင်းထန်လာတာနဲ့အမျှ မြန်မာစစ်တပ်ဘက်က လုံခြုံရေးအရ စစ်ဆေးမှုတွေကလည်း ပိုမိုလုပ်ဆောင်လာပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က စေတီပြင်စစ်ရှောင်စခန်းက စစ်ရှောင်ရွာသား ၁,၀၀၀ ကျော်ကို မြန်မာစစ်တပ်ဘက်က ဘုန်းကြီးကျောင်းမှာ စုရုံးနေထိုင်ခိုင်းထားပြီး ရွာအပြင်ထွက်ခွင့်ပိတ်ပင်ထားတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ အရှင်သဘာဝနဒီက အခုလိုမိန့်ပါတယ်။
“ပုဏ္ဏားကျွန်းမြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းနဲ့ စေတီပြင်တရွာလုံးကို ဘုန်းကြီးကျောင်းထဲထည့်ပြီးတော့ တပ်မတော်က ဒီနေ့ဆို ၃ ရက်မြောက်နေ့ပါဗျ။ သူတို့အကြောင်းပြချက်ပေးတာကတော့ တိုက်ပွဲတွေ ဖြစ်လာရင်ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေကျလာရင် သေမှာစိုးလို့ ထိန်းထားပေးတာပါ။ လုံခြုံရေး ယူထားပေးတာပါပြောတယ်။ ရွာထဲကို ဝင်ထွက်ခွင့်တောင်မရဘူး။ မိမိအိမ်မှာရှိတဲ့ ဆန်တွေ၊ ရိက္ခာတွေတောင်ယူခွင့်မရဘူး။ ကျောင်းထဲမှာ လှောင်ထားတာ ဒုက္ခသည်တွေက ခန့်မှန်းခြေ ပြောရင် ၁,၃၀၀ ကျာ်လောက်ရှိမယ်။ ရွာသားတွေလည်း ရိက္ခာပြတ်လတ်ကုန်ကြပြီ။”
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့အပြီးအခုလို စစ်ရှောင်စခန်းတွေကို သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားတာပါ။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်က သွားလာရေးအတွက်အသုံးပြုနေတဲ့ တောဖျားချောင်းကိုလဲ လှေအသွားအလာ ပိတ်ပင်ထားတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ အရှင်သဘာ၀ နဒီ ကအခုလိုမိန့်ပါတယ်။
“ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသကို ရေကြောင်းခရီးနဲ့ သွားလာနေတဲ့ စက်လှေမှန်သမျှကို သူတို့က စေတီပြင်ရွာထိပ်က တံတားမှာ စောင့်ဆိုင်ပြီးတော့ တားမြစ်နေတယ်။ ပြီးတော့လူတွေကိုကတော့ ခေါ်လာပြီးတော့ ဘုန်းကြီးကျောင်းထဲ ထည့်ထားတယ်။ စက်လှေတွေအားလုံးကို အဲဒီမှာပဲ ရပ်ခိုင်းထားတယ်။”
ဒီလိုရေကြောင်းလမ်းပိတ်ပင်ထားတဲ့အတွက် ပုဏ္ဏားကျွန်း ကျောက်တော်အစပ်က ရွာပေါင်း ၄၀ ကျော်အတွက် သွားလာရေးနဲ့ ရိက္ခာသယ်ယူရေးမှာ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။
စေတီပြင်စစ်ရှောင်စခန်းအပြင် လက်ဝဲစာတိုက်စစ်ရှောင်စခန်းကိုလည်း အပြင်ထွက်ခွင့်ကန့်သတ်ထားသလို ဘုန်းကြီးကျောင်းမှာ စုပြုံထားရှိထားတဲ့အတွက် ကူးစက်မြန် COVID-19 ရောဂါအတွက်စိုးရိမ်နေရတယ်လို့ ပုဏ္ဏားကျွန်း မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လတ်က ပြောပါတယ်။
“လက်ဝဲစာတိုက် အဲဒီရွာမှာလည်း ရွာအပြင်မထွက်ရဘူး။ ရွာထဲမှာ ထိန်းသိမ်းထားတာ ရှိတယ်။ အဲဒီရွာက နည်းနည်းလွတ်လပ်တယ်။ ရွာထဲကို စားစရာသောက်စရာတွေ သူတို့ ဝင်ယူလို့ရတယ်။ နေတော့ ဘုန်းကြီးကျောင်းမှာ။ တရွာလုံးက ဘုန်းကြီးကျောင်းမှာဆိုတော့ နေရကျဉ်းကြပ်တာပေါ့။ ရောဂါတခုခုဖြစ်ရင်မလွယ်ဘူး ဒါက။ COVID ရောဂါနဲ့ဆို တော်တော် စိုးရိမ်ရတယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်နွယ်နေတယ်ဆိုပြီး ဖမ်းဆီးခံရတာတွေလည်း ပိုမိုများပြားလာပါတယ်။
[Unicode Version]