သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ချင်းမှာ တိုက်ပွဲပြင်းထန်အနေတဲ့အပေါ် စိုးရိမ်ကြောင်း ကန် နိုင်ငံခြားရေးဌာနပြော


ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ

(Zawgyi/Unicode)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေအတွင်း အကြမ်းဖက် တိုက်ပွဲတွေ အရှိန်မြင့်တက်လာနေတဲ့အပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မကြာခင်သေးခင်လတွေအတွင်း အဲဒီ တိုက်ပွဲတွေကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီးထောင်ပေါင်း များစွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရာချီရှိတဲ့ မိသားစု တွေအပါအဝင် ဒီ တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားရသူတွေအားလုံးအပေါ် အမေရိကန် ပြည်ထောင်စုက အလေးအနက် ကိုယ်ချင်း စာနာမိကြောင်း၊ အပစ်ရပ်စဲဖို့၊ ဒေသခံ လူမှုအဖွဲ့အစည်းတွေကို အကာအကွယ်ပေးရာမှာ လိုအပ်သလို ဆောင်ရွက်ပေးဖို့နဲ့ နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့သက်ဆိုင်တဲ့ ဘက်အားလုံးကို တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က အမေရိကန် ပြည်ထောင်စုဟာ မြန်မာ နိုင်ငံ အတွင်းက ငြိမ်းချမ်းရေးနဲ့ ကြီးပွားတိုးတက်ရေးကို ရှာကြံနေသူတွေနဲ့ ဒီမိုကရေစီရေး မျှော်မှန်းချက်ရှိသူအားလုံးနဲ့ ဆယ်စုနှစ်များစွာ လက်တွဲ ဆောင်ရွက်နေခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးကို ရရှိဖို့ ကြိုးစားတာတွေ၊ လူ့အခွင့် အရေး မြှင့်တင်တာတွေန့ အကြမ်းဖက် တိုက်ပွဲတွေ လျော့ပါးသွားဖို့အတွက် ပဏာမ ကြီးမားတဲ့ ရန်ပုံငွေကြေး ထောက်ပံ့ခဲ့ကြောင်း၊ ကြေညာချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ရခိုင် အကျပ်အတည်း စဖြစ်ကတည်းက လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် အမေရိကန် ဒေါ်လာ သန်း ၈၂၀ ကျော်ကို ပေးအပ်ခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးဖို့နဲ့ မီဒီယာ သတင်းရယူခွင့်တွေကို ကန့်သတ်ထားပြီး အင်တာနက်လိုင်း ဖြတ်တောက် ထားတာတွေဟာ လတ်တလော အခြေအနေကို ပိုဆိုးရွား လာစေကြောင်း၊ COVID-19 ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အခုလို အချိန်မှာ လူသားချင်း စာနာမှု အကူအညီ ပေးရေးနဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ သိပ်ကို အရေးကြီးကြောင်း၊ လူသားချင်း စာနာမှု အကူအညီပေးရာမှာ အနှောက်အယှက် မရှိဖို့နဲ့ အင်တာနက် လိုင်းတွေ ပြန်လည် ဖွင့်ပေးဖို့ မြန်မာ အစိုးရကို တောင်းဆိုကြောင်း ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုက်နေချိန်မှာ ကမ္ဘာတဝှမ်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး အပစ်အခတ် ရပ်စဲထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို လိုက်နာဖို့လည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံပေါင်း ၂၀ လောက်က သံအမတ်ကြီးတွေ ပူးတွဲထုတ်ပြန် တဲ့ သီးခြား ကြေညာချက်တစ်ခုမှာလည်း ဖော်ပြထား ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရ အခုအခါ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်တဦးကို ဗုဒ္ဓဟူးနေ့က ထပ်မံ အတည်ပြု လိုက်တဲ့အတွက် အခုဆိုရင် စုစုပေါင်း ၁၆ ဦး ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်


.................


(Unicode)








XS
SM
MD
LG