သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ ဆက်နွယ်မှု စွပ်စွဲချက်နဲ့ လူ ၄၀ နီးပါးကို စစ်တပ်ဖမ်းဆီး


ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာ့တပ်မတော်မှ တပ်သား နှစ်ဦး
ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာ့တပ်မတော်မှ တပ်သား နှစ်ဦး

(Zawgyi/Unicode)

မကြာသေးခင်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၉ ဦးကို တပ်မတော်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားအများအပြားကို မနေ့က မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထားကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“ကျောက်ဆိပ်ရွာသားတွေကို ခြေလျင်နဲ့ ခေါ်သွားတာ။ ၇ နာရီ ၈ နာရီ မနက်ပိုင်း အဲဒီအုပ်ချုပ်ရေးမှူးအိမ်မှာ လူစုတယ်။ စုပြီးတော့နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ တန်းစီပြီးတော့ ခေါ်ဆောင်သွားတာ။ ဦးရေကအကုန်လုံး ၃၉ ယောက်။ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်။ ကျောက်ဆိပ်နဲ့ ၅၅၀ တပ်ရင်းက နှစ်မိုင်ကျော်ကျော်လောက်ဝေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘာမှသတင်းအစအနတွေ မရတော့ဘူး။”

ဒီရွာသားတွေဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်မှုရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ဟုတ်။ လူ ၃၈ ယောက် ကျနော်တို့ ထိန်းသိမ်းထားတာ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့ AA သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်ဖေါ်ထုတ်ခဲ့လို့အရဖြစ်တယ်။ ပြောနိုင်တာက ကျနော်တို့ ဒီ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပါ့မယ်။ ပြီးရင်ဥပဒေအတိုင်းပဲ ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားပါ့မယ်ဗျ။”

တပ်မတော်က ဖမ်းဆီးသွားတဲ့ ရွာသားတွေဟာ AA အဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးလို့ AA ပြောခွင့်ရခိုင်သုခက ဆိုပါတယ်။

“ကျနော်တို့နဲ့ လုံးဝပတ်သက်မှု မရှိဘူး။ ဒီလူတွေက ဒေသခံအပစ်မဲ့ပြည်သူတွေပဲ ဖြစ်တယ်။ အခုဒီဖမ်းဆီးခံရတဲ့ ၃၉ ယောက်ဟာ လွန်ခဲ့တဲ့ဧပြီလ ၁၃ ရက်နေ့တုန်းက ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ ကနေပြီးတော့မှ လက်နက်ကြီးနဲ့ ပစ်တာကို ရွာသားတွေကနေပြီးတော့မှ မီဒီယာတွေကိုပြောတာ ရှိတယ်။ အဲတာကြောင့်မို့လို့သူတို့က အဲဒီလိုလာရောက်ဖမ်းဆီးတယ်လို့ သိရတယ်။”

ကျောက်ဆိပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

ဒီလက်နက်ကြီးကျည်တွေဟာ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တာဖြစ်ကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုနေကြပါတယ်။

တပ်မတော်ဘက်ကတော့ AA အဖွဲ့ကနေ တပ်မတော်စစ်ရေယာဉ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြန်လည်ပစ်ခတ်ခဲ့ဖြစ်ကြောင်း ဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာလည်း မင်းပြားမြို့နယ်ဖက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးကြောင်း AA ပြောခွင့်ရခိုင်သုခကပြောပါတယ်။

“ဒီနေ့မှာ မင်းပြားမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်တာ ရှိတယ်ဗျ။ ဖါးပျော်ရွာရဲ့တောင်ဘက်ပေါ့နော် ရာမောင်တောင်ကြောကို မြန်မာစစ်တပ်ဘက်က အင်အား ၂၈၀ လောက်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲဖြစ်တာ ရှိတယ်။ မြန်မာစစ်တပ်ရဲ့ကျိန်းတောင်ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက်ကြောင့်မို့လို့ မင်းပြားမြို့နယ် မင်းရွာကိုလက်နက်ကြီး ကျရောက်ပေါက်ကွဲတာ ရှိတယ်။”

ဒီကနေ့ ဖြစ်ပွါးတဲ့တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတချို့ ရှိခဲ့တယ်လို့ ခိုင်သုခက ဆိုပါတယ်။

ဒီနေ့ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးတဲ့အခြေအနေကို မသိရှိသေးကြောင်း တပ်မတော်ဘက်ကပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် လူသေဆုံးဒဏ်ရာ ရရှိမှုတွေရှိခဲ့တယ်လို့ ပြောဆိုနေမှုတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ ရေးသားပြောဆို ဖြန့်ချိနေခြင်းသာဖြစ်ကြောင်း တပ်မတော်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ပြန်ကြားရေးဌာနအပါဝင် သတင်းဌာနတွေက ရခိုင်ဒေသအတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက်မှု အခြေအနေတွေကို ရေးသားဖေါ်ပြတာမရှိတဲ့ အခြေအနေကြောင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဖြစ်စဉ်အမှန်တွေကိုသာ မီဒီယာတွေကိုပြောဆိုတာဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေကတုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း အစိုးရကနေ အင်တာနက်ဆက်သွယ်ရေး လိုင်းဖြတ်တောက်ထားမှုကြောင့် ဒေသ အတွင်းဖြစ်ပျက်နေတဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဝန်ဆောင်မှု မရရှိဘူးလို့သူကဆိုပါတယ်။

ဒါ့အပြင် သတင်းရေးသားဖေါ်ပြမှုမှာလည်း အစိုးရက အကြမ်းဖက်နဲ့တရားမဝင်အဖွဲ့လို့ကြေညာထားတဲ့ AA အဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းတဲ့ သတင်းဌာန တာဝန်ရှိသူတွေကိုလဲ တရားစွဲဆိုမှုတွေ လုပ်ဆောင်လာတဲ့ အခြေအနေကြောင့် သတင်းမှန်ဖေါ်ပြဖို့မှာ အခက်တွေ့နေတယ်လို့သတင်းဌာနတာဝန်ရှိသူတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




















XS
SM
MD
LG