သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကို မြဝတီရုပ်သံခြိမ်းခြောက်မှု ANP ပါတီ ကန့်ကွက်


ရခိုင်အမျိုးသားပါတီ(ANP)ရုံး
ရခိုင်အမျိုးသားပါတီ(ANP)ရုံး

(Zawgyi/Unicode)

စစ်ပွဲသတင်းဖြေကြားတဲ့ ရခိုင်အမတ်တွေကို ခြိမ်းခြောက်သလိုလုပ်ရပ်အတွက် ANP ရခိုင်အမျိုးသားပါတီက ကန့်ကွက်တဲ့သတင်း ကိုသက်နိုင်တင်ဆက်ပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာတပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီးပြောဆိုတဲ့ ရခိုင်အမျိုး သားပါတီက လွတ်တော်ကိုယ်စားလှယ်တစ်ချို့ကို မြဝတီရုပ်မြင်သံကြားက ခြိမ်းခြောက်တဲ့သဘောနဲ့ ထုတ်လွင့် ခဲ့တာကို ANP ပါတီက ကန့်ကွက်လိုက်ပါတယ်။ ရခိုင်မြောက်ပိုင်းမှာတော့ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန် နေပြီးကျောက်တော်မြို့နယ်မှာ အရပ်သား ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးတာတွေ ထိခိုက်ဒဏ်ရာရတာတွေ နေရပ်စွန့် ခွာထွက်ပြေးနေရသူတွေရဲ့ အခြေအနေတွေကို အရေးယူပေးဖို့ ရခိုင်အမျိုးသားပါတီ(ANP)က လူ့အခွင့်အရေး ကော်မရှင်ထံကို တိုင်ကြားထားတာပါ။

ဒါအပြင့် ရခိုင်အမျိုးသားပါတီအတွင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ကို အမည်နဲ့တကွ ခြိမ်းခြောက်တဲ့ သဘောပါရှိတဲ့ သတင်းတစ်ခုကိုမြဝတီရုပ်မြင်သံကြား မှာထုတ်လွင့်သွားတာနဲ့ပတ်သတ်ပြီး ပြင်းပြင်း ထန်ထန် ကန့်ကွက်တယ်လို့ ANPပါတီ ပြောခွင့်ရ ဒေါ်အေးနုစိန်က ပြောပါတယ်။

“အဲဒီမှာတော့ အချက် လေးချက်ပါတယ်လေ အဲဒီအချက်လေးချက်ထဲမှာ မြဝတီက တိုက်ရိုက်ခြိမ်းခြောက်တဲ့ သဘော ပြောသွားတဲ့ အနေအထားပေါ်မှာ ဒါဟာတကယ် လက်တွေ့ဖြင့် ဖြစ်ရပ်မှန်တွေအပေါ်မှာ အမှန် အတိုင်း ပြောတဲ့ အချက်တွေပဲဖြစ်တယ်။ ဒါကိုမဟုတ် မမှန် လုပ်ကြံပြီးတော့ ပြောသလိုလို ပြီးရင် ဒါတွေ အတွက်ပဲ ဆက်လက်ပြီးတော့ အရေးယူသွားမလိုလို ပြောသွားတဲ့ အနေအထားပေါ်မှာ ကန့်ကွက် ရတာ ဖြစ်တယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ် ညောင်းချောင်းကျေးရွာက လူတွေကို ဖမ်းဆီးသွား တာနဲ့ ပတ်သတ်ပြီး လူမှုကွန်ယှက်ပေါ်မှာ မဟုတ်မမှန်ပြောဆိုတာတွေ ကျောက်တော်မြို့နယ် တင်းမကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မီးရှုံ့ဖျက်စီးခဲ့တယ်လို့ ကျောက်တော် မဲဆန္ဒနယ်က ပြည်သူ့လွတ်တော် အမတ် ဦးထွန်းထွန်းဝင်းက ဧရာဝတီသတင်းဌာနကို ဖြေဆိုခဲ့တာနဲ့ တစ်ခြားဖြစ်စဉ် တွေမှာ လည်း မီဒီယာတွေကို မဟုတ်မမှန်ပြောဆိုတာကို တွေ့ရတယ်လို့ မြဝတီရုပ်မြင်သံကြားက ကြေညာသွား တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေသလို မနေ့က ညနေပိုင်းလောက်မှာလည်း ကျောက်တော်မြို့နယ်အတွင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ဦးထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါ တယ်။

“မနေ့ကတော့ ၄ နာရီဝန်းကျင်လောက်မှာ မြို့အစဘက်ကနေ ပစ်ခတ်သံတစ်ချို့ကြားတယ်။ ၄နာရီခွဲ ၅နာရီ ပတ်ဝန်းကျင်လောက်မှာ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ ရှိလားလို့ စုံစမ်းကြည့်တဲ့အခါမှာ ပိုက်သယ်ရပ်ကွက် ၊ ဒုံး ချောင်းစုဆိုတဲ့ အစုထဲမှာမိသားစုတစ်စု သူတို့အိမ်မှာ လက်နက်ကြီးကျတယ်လို့ ပြောတယ်။ မိသားစုလေး ယောက် အကုန်လုံးဒဏ်ရာရကြတာပေါ့။ အဲဒီထဲမှာ အသက် ၁၄နှစ် လူငယ်လေးတစ်ယောက် ကတော့ တော်တော်ပြင်း ပြင်း ထန်ထန်ဖြစ်တယ်။ ဒီနေ့မနက်မှာ ဆုံးသွားတယ်လို့ ကြားတယ်။ အကုန်လုံးဒဏ်ရာ ရတာကတော့ ၆ ယောက် ရှိတယ်။ ပိုက်သည် မွတ်စလင်ရွာဘက်ကလည်း တစ်ချို့ ဒဏ်ရာရကြတယ်လို့ ကြတားတယ်။ ကျနော်ကြားရ သလောက် ကတော့ ၁၀ ကျော်လောက် ဒဏ်ရာရကြတယ်လို့ ကြားတယ် အဲဘက်က သတင်းကတော့ ကျနော့်ဆီ ကိုတော့ တိတိကျကျမရောက်ဘူး။”

မနေ့က ကျောက်တော်ပစ်ခတ်မှုဟာ ရခိုင်လက်နက်ကိုင် AAအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ် တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါ တယ်။

“AAက အဲဒီတံတားနားမှာ မိုင်းခွဲတယ်။ မိုင်းခွဲပြီးတော့ AAက လက်နက်ငယ်နဲ့ ပစ်တယ်လို့ ပြောတယ်။ ကျနော်တို့ သတင်းထုတ်ပေးဖို့ရှိတယ်ဗျာ။”

ရခိုင်လက်နက်ကိုင် AAအဖွဲ့ဘက်ကတော့ မနေ့က ကျောက်တော်မြို့ထဲမှာ သူတို့နဲ့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ AAအဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မနေ့ညနေက ကျောက်တော်ဘက်မှာပစ်ခတ်တာက မြန်မာစစ်တပ်ဘက်က တစ်ဖက်သတ် ပစ်ခတ်တာ ဖြစ်တယ်ဗျာ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။”

ကျောက်တော်မြို့အတွင်းမှာ ပစ်ခတ်မှုတွေ မကြားခဏဆိုသလို ဖြစ်ပွားနေတာကြောင့် ဒေသခံမြို့သူမြို့ သားတွေအနေနဲ့ ကြောက်လန့်နေကြရတယ်လို့ ကျောက်တော်ဒေသခံတွေက ပြောဆိုကြပါတယ်။

ကမ္ဘာမှာ COVID ကပ်ရောဂါအကြပ်အတည်းကြောင့် စစ်ပွဲတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို၊ မြန်မာအရပ်ဖက်လူ့မှုအဖွဲ့တွေကလည်း ရခိုင်စစ်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။

ဒါပေမယ့်လည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာလိုက်တဲ့နောက်၊ ရခိုင်မြောက်ပိုင်းနဲ့ ချင်း ပလက်ဝမြို့နယ်တွေမှာ အပြန်အလှန်တိုက်ပွဲတွေ ပိုပြင်းထန်လာပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း များလာသလို၊ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည်တွေလည်း တိုးလာ နေပါ တယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)
















XS
SM
MD
LG