သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကျဉ်းထောင်တချို့ ကိုဗစ်ကူးစက်မှုဖြစ်ပွား


ပဲခူးတိုင်း သာယာဝတီမြို့ရှိ သာယာဝတီ ဗဟိုအကျဉ်းထောင်ရှေ့မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ - ဧပြီ ၀၈၊ ၂၀၁၆)
ပဲခူးတိုင်း သာယာဝတီမြို့ရှိ သာယာဝတီ ဗဟိုအကျဉ်းထောင်ရှေ့မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ - ဧပြီ ၀၈၊ ၂၀၁၆)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ အနည်းဆုံး အကျဉ်းထောင်၂ ခုမှာ အကျဉ်းသားတွေ၊ ထောင်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေပါ ကူးစက်ခံရသူ ၃၀၀ လောက် ရှိနေရတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက တင်ဆက်ပေးမှာပါ။

အကျဉ်းထောင်တွင်း ကူးစက်မှုတွေထဲမှာ နောက်ဆုံး အတည်ပြုခဲ့တဲ့ ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင်မှာတော့ အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်း ၁၀၀ ကျော် ကူးစက်ခံထားရပါတယ်။ ထောင်မှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်း တဦးမှာပါ ကူးစက်ခံထားရတဲ့အတွက် ထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ်လို့ မအူပင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာခင်မာစိုးက VOA ကိုပြောပါတယ်။

“အဲဒီ ၂ ယောက်တည်းဆိုတော့ မနိုင်ဘူး။ မနိုင်တဲ့အတွက် အစ်မတို့ ပြည်သူ့ကျန်းမာရေးကနေပြီးတော့ Swab Team နဲ့ Medical Team ဆိုတာရှိတယ်။ Swab Team ကနေပြီးတော့ ကူပြီးစစ်ဆေးပေးတယ်။ Medical Team ကလည်း ဆရာဝန် ၁ ယောက်နဲ့ သူနာပြု ၂ ယောက်ကနေပြီးတော့ Positive ဖြစ်တဲ့သူတွေကို Daily ကြည့်တဲ့အခါမှာ အဲဒီ ၃ ယောက်ကနေပြီးတော့ ကူပေးတယ်။”

ရောဂါကူးစက်ခံရသူ ၁၀၄ ဦးထဲက ထောင်ဝန်ထမ်းတွေကို မအူပင်ဆေးရုံမှာ သီးခြားထားကုသပေးနေပြီး၊ အကျဉ်းသားတွေကိုတော့ ထောင်တွင်းသီးသန့် အဆောင်မှာ သီးခြားထားပြီး ကုသပေးနေတယ်လို့လည်း ဒေါက်တာခင်မာစိုးက ပြောပါတယ်။

“ထောင်ဆရာဝန်ရယ်၊ ထောင်သူနာပြုရယ်၊ အစ်မတို့ဒီဘက်က အကူတွေကနေပြီးတော့ နေ့တိုင်း Oxygen Concentration တို့၊ Pressure တိုင်းတာတို့၊ ဖျားလား မဖျားလား၊ လိုအပ်တဲ့ဆေးတွေပေးတာ ဒါကတော့နေ့တိုင်းလုပ်တယ်။ လုပ်ပြီးတော့မှ မအူပင်ဆေးရုံက သမားတော်ကြီးတွေနဲ့ ချိတ်ဆက်ပြီး Conserve လုပ်တယ်။ သူတို့က လိုအပ်တဲ့အချိန်မှာ ဘယ်အချိန်မှာ ဆေးရုံကိုလွှဲပါဆိုရင် မြန်မြန်ပေါ့။ တော်တော်များများက ရောဂါလက္ခဏာ သိပ်မပြတဲ့သူက များတယ်လေ၊ ကြီးကြီးမားမား သိပ်မရှိဘူး။ အခုအခြေအနေကတော့ အဲဒီပုံစံလုပ်ထားတာပါ။”

ပဲခူးတိုင်းအတွင်းက သာယာဝတီအကျဉ်းထောင်မှာလည်း အကျဉ်းသားအများစုအပါအဝင် ကပ်ရောဂါကူးစက်ခံထားရသူပေါင်း ၁၈၅ ဦးအထိရှိလာပါပြီ။ သူတို့တွေရဲ့ကျန်းမာရေးအခြေအနေဟာ လက်ရှိအချိန်မှာ ကောင်းမွန်နေပြီး ဆက်လက်စောင့်ကြည့်နေတယ်လို့ ပဲခူးတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က VOA ကိုပြောပါတယ်။

“လောလောဆယ် ဒီထောင်ထဲမှာရှိနေတဲ့ အကျဉ်းသားပေါ့နော်။ အဲဒါတွေက လတ်တလောအခြေအနေမှာ ရောဂါလက္ခဏာမပြသော ပိုးတွေ့လူနာတွေဖြစ်တဲ့အတွက် နောက် RPT (Rapid Test Kit) နဲ့လည်း စစ်ထားတဲ့လူနာတွေဖြစ်တဲ့အတွက် လက်ရှိမှာတော့ ထောင်မှာရှိတဲ့ ထောင်ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေ ကြည့်ရှုစောင့်ရှောက်ပေးနေချိန်မှာ လတ်တလောအခြေအနေမှာတော့ ကောင်းမွန်နေတယ်ပေါ့နော်။”

အကျဉ်းထောင်တွင်း ကပ်ရောဂါကူးစက်ခံရသူပေါင်း ရာနဲ့ချီ ရှိလာတဲ့အခြေအနေမှာ ကူးစက်ခံရသူတွေ ထပ်ပြီးရှိမလာဖို့နဲ့၊ ဒီရောဂါကိုထိန်းချုပ် ကာကွယ်နိုင်ဖို့ ဘယ်လိုစီမံဆောင်ရွက်သွားမယ်ဆိုတာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၄၇,၆၆၆ ဦးရှိနေပြီး သေဆုံးသူကတော့ ၁,၁၄၇ ဦးရှိနေပါတယ်။ အကျဉ်းထောင်တွေမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ကပ်ရောဂါပုံစံ ပြန့်ပွားကူးစက်တာ မရှိစေဖို့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်သွားရမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG