သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကဆေးရုံများ ကိုဗစ်လူနာကုသရေး အခက်အခဲတွေ ရှိဆဲ


PPE ဝတ်စုံများ ဝတ်ဆင်ထားကြတဲ့ ပရဟိတလုပ်သားများကို ရန်ကုန်မြို့ တနေရာမှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)
PPE ဝတ်စုံများ ဝတ်ဆင်ထားကြတဲ့ ပရဟိတလုပ်သားများကို ရန်ကုန်မြို့ တနေရာမှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသမှုပေးနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ အခက်အခဲတချို့ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက တင်ဆက်ပေးမှာပါ။

ပုဂ္ဂလိကဓာတ်ခွဲခန်းတွေမှာ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးနိုင်ဖို့နဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို လက်ခံကုသပေးနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေအပေါ်ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သဘောတူထားပါတယ်။ ဒါပေမဲ့လည်း ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ စစ်ဆေးကုသမှုခွင့်ပေးဖို့ အသေးစိတ် ဆွေးနွေးနေတုန်းပဲလို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က VOA ကိုပြောပါတယ်။

“ပုဂ္ဂလိကဆေးရုံတိုင်းကို တပြေးညီခွင့်ပြုမှာတော့ မဟုတ်ဘူး။ ပုဂ္ဂလိကဆေးရုံတွေမှာ ရှိနေတဲ့ သူ့ရဲ့ Facilities ပေါ့နော်။ ဒီစစ်ဆေးနိုင်တဲ့ အခြေအနေ၊ ကုသပေးနိုင်တဲ့ အခြေအနေ တရုံနဲ့ တရုံမတူဘူး။ မတူတဲ့အပေါ်မှာ ဘယ်အတိုင်းအတာအထိ ပုဂ္ဂလိကဆေးရုံတွေက လုပ်နိုင်မှာလဲဆိုတာကတော့ နိုင်ငံတော်က စိစစ်ဦးမှာ။ အဲတော့ အဲဒါကနည်းနည်း အချိန်အတိုင်းအတာလေး တခုတော့ ရှိဦးမယ်။”

ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေအနေနဲ့ ကိုယ့်သဘောဆန္ဒနဲ့ ရွေးချယ်လာနိုင်သလို၊ အစိုးရဆေးရုံတွေရဲ့ ဝန်ကိုလည်းလျှော့ချနိုင်ဖို့အတွက် ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေ တက်ရောက်ကုသနိုင်အောင် ဆောင်ရွက်နေတဲ့အကြောင်း မနေ့တုန်းက အွန်လိုင်းမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

“ပုဂ္ဂလိကဆေးခန်းတွေ၊ ပုဂ္ဂလိကဆေးရုံတွေကနေပြီးတော့ ပိုမိုပြီးတော့ ဒီကိုဗစ်ရောဂါထိန်းချုပ်ရေးထဲမှာ ပါနိုင်အောင်လည်း ကျမတို့အစီအစဉ်တွေ လုပ်နေပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ဘာကိုယ်ရွေးချယ်ပိုင်ခွင့် ရှိနိုင်အောင်လို့ပါ။ ပုဂ္ဂလိကဆေးခန်းတွေ သွားချင်တယ်၊ ပုဂ္ဂလိကဆေးရုံတွေ တက်ချင်တယ်ဆိုလို့ရှိရင် ကိုဗစ်ကြောင့်ပဲဖြစ်ဖြစ်၊ တခြား ရောဂါတွေကြောင့်ပဲဖြစ်ဖြစ် တက်နိုင်အောင်လို့၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရ ရွေးချယ်နိုင်အောင်လို့။ ဒီလိုရွေးချယ်တဲ့နေရာမှာလည်း ရွေးချယ်ပြီးတော့သွားတဲ့ ပြည်သူတွေအတွက်ရော၊ ဆေးရုံအတွက်ရော၊ အများပြည်သူအတွက်ရော လုံလုံခြုံခြုံဖြစ်အောင်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ချပြီးတော့ ပုဂ္ဂလိကဆေးခန်းတွေ၊ ဆေးရုံတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်နေပါတယ်။”

ကိုဗစ်လူနာတွေကို ထားရှိကုသပေးနေတဲ့ အစိုးရဆေးရုံတွေနဲ့ ထပ်တိုးချဲ့ထားတဲ့ ကိုဗစ်ကုသရေးဌာန ၁၅ ခုမှာ ကပ်ရောဂါအပြင် တခြားရောဂါနဲ့ နာတာရှည်လူနာတွေကိုပါ ထိထိရောက်ရောက် ပြုစုကုသပေးနေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ပြောဆိုထားပါတယ်။ ကပ်ရောဂါကာလမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ လျှော့ချနိုင်ဖို့အတွက် မလိုအပ်ပဲအပြင်မထွက်ရ ညွှန်ကြားချက်တွေနဲ့အတူ အသွားအလာကန့်သတ်မှုတွေ ရှိနေတာပါ။ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကပ်ရောဂါကူးစက်ခံရလို့ တချို့ဆေးရုံတွေ ယာယီပိတ်လိုက်ရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပြီး၊ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့မှုရှိခဲ့လို့ သတ်မှတ်ထားတဲ့နေရာတွေမှာ သီးခြားနေထိုင်ခဲ့ရသူတွေ ရှိခဲ့ပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ရောဂါ စစ်ဆေးကုသနိုင်ဖို့အတွက် ဆိုရင်တော့ စနစ်တကျ ပြင်ဆင်ထားဖို့ လိုမယ်လို့လည်း ဒေါက်တာထင်ပေါ်က ပြောပါတယ်။

“A-B-C-D Level လေးခုစလုံး လုပ်နိုင်တဲ့ဥစ္စာကတော့ သူ့ရဲ့ ဆေးရုံအနေအထားက တခါတည်းလူနာဝင်လာတာနဲ့ သူ့ရဲ့လမ်းကြောင်းတွေ ကောင်းရဲ့လား၊ ပိုးသတ်ထားတဲ့အခြေအနေ ကောင်းရဲ့လား၊ သွေးစစ်ပေးတဲ့နေရာတွေရော စစ်ပြီးလို့ သွေးစစ်တဲ့အဖြေတွေ ရလာလို့ရှိရင် အဲဒီလူနာတွေကို ဆေးရုံထဲမှာ ကုသဖို့အတွက်ကို ဘယ်လိုစီစဉ်ထားလဲ။ ကုသမှုကလည်း လူနာရဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ တချို့ကျတော့လည်း လက္ခဏာမပြင်းထန်ဘူး၊ တချို့က နည်းနည်းပြင်းထန်တယ်၊ တချို့က အရမ်းပြင်းထန်တယ်။ အဲလို အရမ်းပြင်းထန်လာရင် ICU တွေ၊ ဘာတွေရှိလား စသဖြင့်ပေါ့နော်။ ကုသပေးနိုင်တဲ့ Level တွေပေါ်သူက Category ခွဲသွားမှာ။ အဲလိုတွေ ခွဲသွားမှာဖြစ်တဲ့အတွက်ကြောင့် အခုခွင့်ပြုတယ်၊ အခုလုပ်ကြဟေ့ ဆိုပြီးတော့ အဲလိုလုပ်လို့မရဘူး။ ”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာကိုဗစ်အတည်ပြုလူနာပေါင်း ၄၆,၂၀၀ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၁,၁၂၂ ဦးရှိနေပါတယ်။ ကပ်ရောဂါ ကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ပျံသန်းဆင်းသက်ခွင့်ကိုလည်း နိုဝင်ဘာလကုန်အထိ နောက်ထပ် သက်တမ်းတိုးလိုက်ကြောင်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ပုဂ်ဂလိကဆေးရုံမြား ကိုဗဈလူနာကုသရေး အခကျအခဲတှေ ရှိဆဲ










XS
SM
MD
LG